နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်မြို့ရှိ အလင်္ကာဝတ်ရည် ဂျာနယ်တိုက်မှ ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက်ကို ရဲက ဖမ်းဆီးသွား သည်မှာ သီတင်းနှစ်ပတ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုက ပြောသည်။
သာကေတမြို့နယ်ရှိ သူ၏ နေအိမ်သို့ အထူးရဲသတင်းတပ်ဖွဲ့ (SB) အဖွဲ့ဝင်များ အောက်တိုဘာ ၂၂ ရက်နေ့က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဖမ်းဆီးပြီး ၄ ရက်မြောက်နေ့တွင် SB ၄ ဦးသည် နေအိမ်သို့ ထပ်မံ လာရောက်၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ စီဒီချပ်တချို့ ယူဆောင် သွားသလို၊ ကိုခန့်မင်းထက် အလုပ်လုပ်သော ဂျာနယ်တိုက်တွင်လည်း ကွန်ပြူတာ Hard disk ကိုပါ ထိုနေ့မှာပင် သိမ်းဆည်းသွားကြသည်။
“မေးမြန်းစရာ ရှိလို့ဆိုပြီး ခေါ်သွားမယ် ပြောပြီးတော့ ဒီနေ့ထိ ဘယ်မှာရှိမှန်း မသိရတော့ မိသားစုတွေ အားလုံး အလွန် စိတ်ပူနေကြတယ်” ဟု ကိုခန့်မင်းထက်၏ ဖခင်ဖြစ်သူ ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် မောင်စိမ်းနီက မဇ္စျိမကို ပြောသည်။
နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဖမ်းဆီးခြင်း ဖြစ်မည်ဟု မိသားစုဝင်များက ခန့်မှန်းကြသော်လည်း အာဏာပိုင်များက အကျိုးအကြောင်း ပြောပြခြင်း မရှိဟု ပြောသည်။
ပြီးခဲ့သည့်လအတွင်း နာဂစ်ဒဏ်သင့်သူများကိူ အကူညီပေးနေသော လင်းလက်ကြယ် အဖွဲ့ဝင်များအပါအဝင် ရန်ကုန်ရှိ နိုင်ငံရေး လှုပ်ရှားတက် ကြွသူ ၄၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - AAPP (B) က ပြောသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)