တရားရုံုး၏ ဆင့်ခေါ်မှုကို ကျော်သူ အာခံ

တရားရုံုး၏ ဆင့်ခေါ်မှုကို ကျော်သူ အာခံ
by -
ကျော်ခ
နာရေးကူညီမှု အသင်းကို တောင်ဒဂုံတရားရုံးက တရားစွဲဆိုနိုင်ရန် နောက်တကြိမ် ဆင့်ခေါ်လျင်လည်း တရားရုံးသို့ သွားမည်မဟုတ်ကြောင်း အသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြော ...

မဇ္စျိမ (ချင်းမိုင်)  ။      ။ နာရေးကူညီမှု အသင်းကို တောင်ဒဂုံတရားရုံးက တရားစွဲဆိုနိုင်ရန် နောက်တကြိမ် ဆင့်ခေါ်လျင်လည်း တရားရုံးသို့ သွားမည်မဟုတ်ကြောင်း အသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

တရားစွဲခြင်း၊ အမှုဖွင့်ခြင်း စသည့်အဆင့်သို့ မရောက်သေးပဲ အသင်း၏လုပ်ရပ် မှားသည်ဟု ဝန်ခံခိုင်းပြီး တရားစွဲနိုင်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော် မပါသွားတဲ့အတွက် တရားစွဲလို့မရဘူး ဆိုပြီးတော့ တောင်ဒဂုံတရားရုံးက တရားသူကြီးတွေက ပြောလိုက်တယ်။ ဒီအမှုဖွင့်လို့ မရဘူး ဖြစ်နေတယ်။ ကျနော်တို့မှားတာ မဟုတ်ဘူး။ နောက်တကြိမ် ခေါ်ရင်လည်း ကျနော်မှာ အားတဲ့အချိန် မရှိဘူး။ ကျနော်မသွားဖြစ်ဖို့ပဲ များပါတယ်” ဟု ဦးကျော်သူက မဇ္စျိမကို ပြောသည်။

ယခုလ ၂၉ ရက်နေ့ တောင်ဒဂုံ တရားရုံး ဆင့်ခေါ်စာအတွင်း၌ နေထိုင်ခွင့်မပြုသေးသည့် အဆောက်အဦးတွင် နေထိုင်သည့်အတွက် မြောက်ဒဂုံ တရားရုံးက တရားစွဲဆိုနိုင်ရန် တရားရုံးသို့ လာရောက်ရန် ဖော်ပြထားကြောင်း သိရသည်။

နေထိုင်ခွင့် လျှောက်ထားသည်မှာ ကြာလှပြီ ဖြစ်သော်လည်း နာရေးကူညီမှု အသင်းရှေ့၌ ရေမြောင်း မဖောက်သောကြောင့် ယခုအထိ မချပေး ခြင်း ဖြစ်ကြောင်း၊ ရေမြောင်းဖောက်မှသာ နေထိုင်ခွင့်နှင့် ကုသိုလ်ဖြစ် လုပ်ငန်းများ ဆက်လုပ်ခွင့်ရမည့်သဘော ဖြစ်နေသည်ဟု ဦးကျော်သူက ပြောသည်။

“ဒီမြောင်းဖောက်လို့ မထူးဘူးလို့ ကျနော်ထင်တာဘဲ။ ကျနော်တို့ မြေကွက်ရှေ့မှာ ရေလျှံတာလည်း မရှိဘူး။ ပြီးတော့ ကျနော်တို့ဆေးခန်းက ထွက်တဲ့ရေ၊ အသင်းက သုံးတဲ့ရေကလည်း ထွက်ပေါက်ကို လုပ်ထားပြီးသား။ ငမိုးရိပ်ချောင်း ဘက်ကို မြောင်းသွယ်ထားတယ်။ ရေအိုင်တာတွေ မဖြစ်ဘူး။ ဗွက်တွေ ဘာတွေလည်း မဖြစ်ဘူး” ဟု သူကပြောသည်။

မြောက်ဒဂုံ စည်ပင်သာယာအနေဖြင့် တရားစွဲဆိုနိုင်ရန် ကြိုးစားရာတွင်လည်း သက်ဆိုင်ရာ မြောက်ဒဂုံမြို့ နယ်တွင် မပြုလုပ်ဘဲ တောင်ဒဂုံ တရားရုံးသို့ ခေါ်ဆောင်သည့် ကိစ္စမှာလည်း ၎င်းတို့အား “တောင် ရောက်၊ မြောက်ရောက်” ဖြစ်စေရန် ရည်ရွယ်သည့်သဘော သက်ရောက် ကြောင်း ဦးကျော်သူက သုံးသပ်သည်။

နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးကျော်သူနှင့် စေတနာရှင်များက ဝိုင်းဝန်း တည်ထောင်ခဲ့ပြီး ချို့တဲ့သူများ၏ နာရေးကိစ္စများအား လူမျိုးဘာသာမရွေး အခမဲ့ ပို့ဆောင်သဂြုႋဟ် ပေးခဲ့ ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။

ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

တရက်လျင် အလောင်း ၅၀ ကျော် သဂြုႋဟ် ပေးနေပြီး ဆေးခန်းမှလည်း တရက်ကို အယောက် ၂၀၀ ကျော် အခမဲ့ ဆေးကုပေးနေရသည်။

၂၀၀၇ ခု စက်တင်ဘာလက မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဟာသသရုပ်ဆောင် ဇာဂနာနှင့်အတူ ဆွမ်းကပ်လှူခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။

(ကြီးကြပ် တည်းဖြတ် ကိုဝိုင်း )

Most read this week