ဘန်ကောက် (မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံ၏ အဆင့်မြင့် `အချက်အလက် ရှာဖွေရေးခရီးစဉ်´ သည် ရန်ကုန်မြို့သို့ တနင်္လာနေ့တွင် ရောက်ရှိလာမည် ဖြစ်သည်။ အရှေ့အာရှဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီယယ် (Scot Marciel) တို့သည် မြန်မာနိုင်ငံတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ အထိ ၂ ရက်ကြာ နေထိုင်မည် ဖြစ်သည်။
သို့သော် ယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန် ခြင်းမရှိသေးဘဲ မဇ္ဈိမက ဆက်သွယ်မေးမြန်းသော အခါတွင်လည်း ရန်ကုန်ရှိ အမေရိကန် သံတမန်များက ဤခရီးစဉ်နှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်ပေးရန် ငြင်းဆိုပါသည်။ အစီအစဉ်များကို နောက်ဆုံးအပြီးသတ် ရေးဆွဲနေဆဲ ဖြစ်ကြောင်းဖြင့်သာ မြန်မာအစိုးရ အရာရှိများက ပြောသည်။
ကင်းဘဲလ် သည် ယခင်အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် လက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ သူတို့နှစ်ဦး စက်တင်ဘာလတွင် နယူးရောက်မြို့၌ တွေ့ဆုံခဲ့သေးသည်။ ဦးသောင်းသည် အမာလိုင်းသမားတဦးဖြစ်ပြီး စစ်အစိုးရ ထိပ်သီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတော်တဦးဟုလည်း သိရသည်။
မြန်မာအစိုးရ သတင်းရပ်ကွက်များ၏ အပြောအရ ကင်းဘဲလ် သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် အခြားအစိုးရ ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။
ကင်းဘဲလ်နှင့် မာဆီယယ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံမည် ဖြစ်သည်။ သူတို့၏ ခရီးစဉ်အတွင်း ထိန်းသိမ်းခံအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း သေချာသလောက်ပင်ရှိသည်ဟု ရန်ကုန်ရှိ အာရှသံတမန်တဦး ကပြောသည်။
ကိုယ်စားလှယ်အဖွဲ့၏ မေတ္တာရပ်ခံလွှာကို လွန်ခဲ့သော တပတ်ကျော်ကတည်းက ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ဝါရှင်တန်ရှိ သတင်းရပ်ကွက်များက ပြောသည်။
မစ္စတာကင်းဘဲလ်ကို ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်နှင့် တွေ့ဆုံခွင့် ပေးပါမည်ဟူသော အလွတ်သဘောပေးသည့် ကတိကိုရမှသာ ဤခရီးစဉ်ကို နောက်ဆုံးအတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
`အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီအမျိုးသမီးကြီးကို ပေးတွေ့လို့ စစ်အစိုးရမှာ ဘာမှအရှုံးမရှိဘူး၊ အမြတ်ပဲရှိတယ်´ ဟု အမည်မဖော်လိုသူ အာရှသံတမန်တဦးက မဇ္ဈိမ ကိုပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အနောက်နိုင်ငံများက ခေါင်းဆောင်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းရေးအတွက် သူမအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါသည်ဟု အတိုက်အခံ ခေါင်းဆောင်က စစ်အစိုးရကို ပြောကြားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေခြင်းမှ လျော့ပါးရေးနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများ လျှော့ပေါ့ပေးရေးသည် မြန်မာအစိုးရ၏ ဦးစားပေးကိစ္စ ဖြစ်နေသည်။
`ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေအပေါ် သဘောထား ပျော့ပျောင်းလာပြီလို့ မြန််မာ အစိုးရက ယုံကြည်နေတယ်´ ဟု ဂျပန်နို်င်ငံ ပြောရေးဆိုခွင့်ရှိသူ ကာဇူအိုကိုဒါးမား (Kazuo Kodama) က ပြောကြားလိုက်သည်။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က တရုတ်၊ ဂျပန်၊ တောင်ကိုး ရီးယားတို့အပါအဝင် အာဆီယံအပေါင်း ၃ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာဝန်ကြီးချုပ် သိန်းစိန်က ရှင်းလင်းပြောကြားခဲ့ပြီးနောက် ထိုသို့ ဂျပန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် တနင်္လာနေ့တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားသဖြင့် တိုင်းပြည်၏ ထိပ်တန်း စစ်အရာရှိကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဖွယ်မရှိဟု ရန်ကုန်ရှိ အကြားအမြင်များသော သတင်းရပ်ကွက်များအ ပြောအရသိရသည်။
`သန်းရွှေက အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ မတွေ့ဖို့များတယ်။ မြစ်ဝကျွန်းပေါ်ဒေသကို သွားစရာရှိတယ် ဆိုပြီးရမယ်ရှာ မတွေ့မှာဘဲ´ ဟု ချင်းမိုင် တက္ကသိုလ်အခြေစိုက် မြန်မာပညာရှင် ဦးဝင်းမင်းကပြောသည်။
`ဒီလိုမျိုး အရင်တခါ ကုလသမဂ္ဂ အထူးသံတမန် ရာဇာလီ မြန်မာပြည်လာတုံးကလဲ လုပ်ဖူးတယ်၊ ငွေဆောင်ကမ်းခြေ သွားနေလိုက်တာ´ ဟု သူကပြောသည်။
ကင်းဘဲလ်၏ခရီးစဉ်သည် ၁၉၉၅ ခုနှစ်က ထိုအချိန်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဖြစ်သူ မယ်ဒရင်းအောဘရိုက် (Madeleine K. Albright) မြန်မာနိုင်ငံသို့လာ ရောက်ပြီးကတဲက အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦး၏ ခရီးစဉ် ဖြစ်မည်။
ထိုအချိန်က သူမသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏နေအိမ်တွင် သွားရောက် တွေ့ဆုံခဲ့သည်။ ပထမဆုံးအကြိမ် အကျယ်ချုပ် ချထားခံရခြင်းမှ လွတ်မြောက်အပြီး လပိုင်းအတွင်း ထိုသို့ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်အတွင်း၌ပင် အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဒေါ်အောင်ဆန်းစုကြည် နှင့်မတွေ့ဆုံမီ ထိုသို့တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဤခရီးစဉ်သည် အလွန့်အလွန် အရေးပါသော ခရီးစဉ်ဖြစ်သည် ဟု မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ အထ္ဃုပ္ပတ္တိကို ရေးသားခဲ့သူ ဗြိတိသျှစာရေးဆရာနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ Justin Wintle ကပြောသည်။
`ဒါနှစ်ပေါင်းအတော်ကြာအတွင်း အရေးအပါဆုံး ဖြစ်ထွန်းတိုးတက်မှုတရပ်ဖြစ်တယ်။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ကောင်းကောင်းကြီး စတင်နေပြီဆိုတာကို ပြသလိုက်တာဘဲဖြစ်တယ်´ ဟု သူကမဇ္ဈိမကို ပြောသည်။
သို့သော် ရန်ကုန်ရှိ သံတမန်များနှင့် လေ့လာသုံးသပ်သူများကမူ သတိနှင့်သာ စောင့်ကြည့်နေ ကြသည်။ `ဘယ်သူတွေနဲ့တွေ့တယ်၊ တွေ့ဆုံဆွေးနွေးပွဲ ရာသီဥတု မည်သို့ရှိသည်ဆိုသည် တို့ကသာ စစ်အစိုးရသည် ဝါရှင်တန်နှင့် တွေ့ဆုံဆွေးနွေးရန် တကယ်အလေးအနက်ရှိမရှိ ပြသမည့်အရေးပါသော အချက်များဖြစ်သည်´ ဟု ရန်ကုန်အခြေစိုက် အနောက်တိုင်းသံတမန် တဦးက မဇ္ဈိမကို ပြောသည်။ ယခုအထိတော့ အမေရိကန်နိုင်ငံကလည်း အလွန်သတိကြီးစွာ ထားချဉ်းကပ်နေပြီး အောင်မြင်သည်ဆိုစေဦးတော့ ဤကိစ္စသည် နှေးကွေးသော ဖြစ်စဉ်တရပ်သာ ဖြစ်မည်ဟု အားလုံးကို သတိပေးထားသည်။
`ကျနော်တို့ရဲ့ အဓိက စိုးရိမ်ပူပန်နေမှုများအပေါ် မြန်မာအစိုးရက အဓိပ္ပါယ်ရှိရှိ တုံ့ပြန်ဆောင် ရွက်ပေးမှသာ အမေရိကန်နဲ့ ဆက်ဆံရေးဟာ တဆင့်ပြီးတဆင့်တိုးတက်လာမှာ ဖြစ်ပါတယ်လို့ မြန်မာခေါင်းဆောင်ပိုင်းကို နှစ်ဘက်တွေ့ဆုံစဉ် ရှင်းရှင်းလင်းလင်း ပြောကြားသွားမှာ ဖြစ်ပါ တယ်´ ဟု မကြာခင်ကပြုလုပ်ခဲ့သော မြန်မာ့အရေး ကွန်ဂရက်ကြားနာပွဲတွင် ကင်းဘဲလ်က ပြောကြားခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် မြန်မာနို်င်ငံသို့ သွားရောက်၍ အိုဘားမားအစိုးရနှင့် မြန်မာစစ်အစိုးရတို့အကြား အဆက်အသွယ်များရရှိရေး ကြိုးစားဆောင်ရွက်ပေးပြီးကတည်းက ဤအကြောင်းကို အမေရိကန်သံတမန်များက နှုတ်ပိတ်ရေငုံ နေခဲ့ကြသည်။ သူတို့၏အရင်းနှီးဆုံး မဟာမိတ်များ ဖြစ်သော ဥရောပနိုင်ငံများကပင် သူတို့ကို အမေရိကန်ဘက်က ဘာမှအသိမပေးဘဲထားခဲ့သည်ဟု တိုးတိုးတိတ်တိတ် ညည်းညူပြောကြားခဲ့သည်။
တကယ့်အဖြစ်အပျက်များသည် လူသိရှင်ကြား တွေ့ဆုံမှုများ၊ ထုတ်ပြန်ကြေငြာချက်များ ထက်ပို၍ပင် မြန်မြန်ဆန်ဆန် ဖြစ်ထွန်းတိုးတက်နေပုံရသည်။ လာမည့်ရက်သတ္တနှစ်ပတ် အတွင်းစင်္ကာပူနိုင်ငံတွင်ကျင်းပမည့် အေပက် (APEC) နှင့် အမေရိကန်အာဆီယံ (US-ASEAN) အစည်းအဝေးများအတွင်း သီးသန့်တွေ့ဆုံဆွေးနွေးကြရာတွင် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာဝန်ကြီးချုပ် သိန်းစိန်နှင့်သော်လည်းကောင်း၊ နိုင်ငံခြား ရေးဝန်ကြီး ဉာဏ်ဝင်းနှင့် သော်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးရန် ယာယီအစီအစဉ်များပြုလုပ်ထားရှိ ကြောင်း မြန်မာအစိုးရ သတင်းရပ်ကွက်များ၏အပြောအရ သိရသည်။
ကင်းဘဲလ်၏ လာမည့်ရက်သတ္တပတ်မြန်မာနိုင်ငံခရီးစဉ်အတွင်း မည်သည့်တိုးတက်မှုများ ရရှိခဲ့သည်ဆိုသည့် အချက်ပေါ်တွင် ကိစ္စရပ်အတော်များများ တည်မှီနေသည်။ ခရီးစဉ်အပြီးတွင် ဝါရှင်တန်သို့ ချက်ချင်းပြန်လာကာ နိုင်ငံခြားရေးဝန်ကြီး စင်္ကာပူသို့ မထွက်ခွါမီ အခြေအနေများ အစီရင်ခံ တင်ပြရန် စီစဉ်ထားသည်။ မာဆီယယ်ကမူ ဘန်ကောက်သို့ သွားရောက်ကာ လောလောဆယ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ထိုင်းအစိုးရကို ခရီးစဉ်ရလဒ် အခြေအနေများ သွားရောက်အစီရင်ခံမည် ဖြစ်သည်။