ကိုညီညီအောင်အမှု မြို့နယ်ရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးမည်

ကိုညီညီအောင်အမှု မြို့နယ်ရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးမည်
by -
မြင့်မောင်
မြန်မာနိုင်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အမှုကို အင်းစိန်ထောင်တွင်းရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက ယနေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေး ...

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာနိုင်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အမှုကို အင်းစိန်ထောင်တွင်းရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက ယနေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးသွားမည့်အကြောင်း ပြောဆိုလိုက်သည်။

အသက် ၄ဝ နှစ်အရွယ် ကိုညီညီအောင်ကို လိမ်လည်မှု၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် တရားစွဲဆိုခဲ့ကာ၊၊ နှစ်ကြိမ်တိုင် ရုံးထုတ်ပြီးနောက် ယနေ့သို့ ထပ်မံချိန်းဆိုခဲ့ရာ တရားရုံးက လာမည့်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်သို့ ပြောင်းရွှေ့စစ်ဆေးမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုမျိုးကြောင့် ဆိုတာကိုတော့ အကြောင်းမပြဘူး။ ရွှေ့လိုက်တယ်လို့ ပြောပေမယ့် ထိုင်တာက ဒီမှာပဲ၊ အင်းစိန်မှာပဲ ထိုင်မယ်။ တရားသူကြီး ပြောင်းသွားတဲ့ သဘော ရှိတယ်။ မြို့နယ်တရားသူကြီး စစ်တဲ့ အမှုကို ခရိုင်တရားသူကြီး စစ်တဲ့အဆင့် ဖြစ်သွားတာပဲ။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာကိုး။ စောစောက စဉ်းစားပြီး မလုပ်တာက အလကား သက်သက် အချိန််ကုန်တဲ့ သဘော ဖြစ်တယ်” ဟု ကိုညီညီအောင်၏ ရှေ့နေတဦးဖြစ်သူ  ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “အမှုနဲ့ပတ်သက်လို့ ကြီးလေးတယ်လို့ ပြောရင်လည်း ပြောလို့ရသလို၊ ဒါပေမဲ့ အမှုရဲ့ ပုဒ်မတွေက မပြောင်းပါဘူး။ ပြစ်ဒဏ်ကလည်း ဘာမှပြောင်းစရာ မရှိဘူး။ မြို့နယ်အဆင့်က ဒီလောက်အမှုကတော့ အမိန့်ချနိုင်တာပဲ။ တိုင်းကလည်း ချနိုင်တာပဲ” ဟု ပြောသည်။

ကိုညီညီအောင် အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် နောက်ထပ် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက “တရားရုံး လုပ်ထုံးလုပ်နည်းအရ တခြားတရုံးကို ပြောင်းသွားရင် အပြောင်းခံရတဲ့ တရားရုံး တရားသူကြီးက အမှုကို အစကနေ ပြန်လည်စစ်ဆေးခွင့် ရှိတယ်။ အခု တရားရုံးက အစကနေ ပြန်စစ်မယ်” ဟု ပြောသည်။

တောင်ပိုင်းခရိုင် တရားရုံးများသည် ကျောက်တံတား၊ သံလျင်၊ တွံတေး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ရ မြို့နယ်တွင် တည်ရှိသည်။

ကိုညီညီအောင်သည် မိသားစုဝင်များနှင့် ယခုထိ တွေ့ဆုံခွင့် မရသေးသဖြင့် တွေ့ခွင့်ရရှိရန် ရှေ့နေများက ကြိုးပမ်းနေဆဲ ဖြစ်သည်။ သူ၏ ကျန်းမာရေး အခြေအနေမှာမူ ကောင်းမွန်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် လေကြောင်းဖြင့် မြန်မာပြည်သို့ ဝင်ရောက်လာစဉ် ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။ သူ့ကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်စစ်ဆေးပြီးနောက် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ကာ လိမ်လည်မှု ပုဒ်မ - ၄၂ဝ၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ - ၄၆၈ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့နှင့် ယခုလ ၄ ရက်နေ့တွင် ကိုညီညီအောင်သည် အမေရိကန် သံရုံးအရာရှိများနှင့် အင်းစိန်ထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သည်။ အမှုတွင် လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးက ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းကို မေတ္တာရပ်ခံခဲ့ရာ ကိုညီညီအောင်၏ ကိုယ်စားလှယ်လွှဲစာကို ယခုလ ၆ ရက်နေ့တွင် ရရှိခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးသန်းလွင်က အင်းစိန်ထောင်တွင်း၌ ရုံးထိုင်၍ တရားလို သက်သေပေါင်း ၁၆ ဦး ရှိသည့်အနက် သက်သေအချို့ကို ယခုလ ၁၄ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် စစ်ဆေးခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့ပြီး “ပြည်တွင်း၌ ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်” နှင့် “အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ပြည်ပရှိ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ချိတ်ဆက်ပေးပြီး သတင်းဖလှယ်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ အမာခံမွေးမြူခြင်း” တို့ ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာများတွင် စွပ်စွဲဖော်ပြခဲ့သည်။

ကိုညီညီအောင်သည် မြန်မာ့ဒီမိုကရေစီရေးတွက် တက်ကြွစွာ လှုပ်ရှားခဲ့သည့် ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

မိခင် ဒေါ်စန်းစန်းတင်ကို နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ကူညီသည်ဟုဆိုကာ မန္တလေးတိုင်း မိတ္ထီလာထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသည်။

ညီမဝမ်းကွဲဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်သည်လည်း ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာဆန္ဒဖော်ထုတ်ပွဲ၌ ပါဝင်ခဲ့ပြီးနောက် မတရားအသင်း ဖွဲ့စည်းမှု၊ အီလက်ထရောနစ် ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရပြီး မြင်းခြံထောင်တွင် အကျဉ်းကျနေသည်။ ထို့အပြင် သူမ၏ ခင်ပွန်းသည် ကိုချစ်ကိုလင်းက ပခုက္ကူထောင်တွင် ရ နှစ်၊  ဝမ်းကွဲညီမ တော်စပ်သူ မနိုးနိုးသည် ဧရာဝတီတိုင်း မအူပင်ထောင်တွင် ရ နှစ် ပြစ်ဒဏ်ကျခံနေကြရသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Most read this week