ချင်းမိုင် (မဇ္ဈိမ)။ ။ ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် မြန်မာနိုင်ငံသား အင်ဂျင်နီယာ တဦး ပါဝင်သော စင်္ကာပူ ကုမ္ပဏီပိုင် ပင်လယ်ကူးသင်္ဘော ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မြန်မာသင်္ဘောသား သတင်းရပ်ကွက်အရ သိရသည်။
MV Kota Wajar တွင် သင်္ဘောသား ၂၁ ယောက်ရှိနေပြီး သင်္ဘောကုမ္ပဏီ PIL (Pacific International Line)၊ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် စင်ကာပူ အစိုးရတို့က ဓားပြများ၏ ကြားခံ ကိုယ်စားလှယ်များနှင့် စင်္ကာပူ၌ ညှိနှိုင်းနေပြီဟု ဆိုသည်။
“စိုးရိမ်စရာ မရှိပါဘူး ခင်ဗျ။ ကုမ္ပဏီကလည်း ဂရုစိုက် လုပ်ပေးပါလိမ့်မယ်။ သူတို့ လျော်ကြေးပေးမယ်လို့ ဆိုပါတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင် Leader Marine Co. Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။
ရန်ကုန်မြို့ရှိ PIL ရုံးခွဲမှ ဌာနေကိုယ်စားလှယ် ဒေါ်ရုလ်အေးသည်လည်း စင်္ကာပူနိုင်ငံသို့ ယနေ့ ထွက်သွားပြီ ဖြစ်ကြောင်း ယင်းရုံးတာဝန်ခံတဦးက မဇ္စျိမကို ပြောသည်။
ကွန်တိန်နာ သင်္ဘောသည် စင်္ကာပူမှ ထွက်ခွာသွားပြီးနောက် ယခုလ ၁၅ ရက်နေ့၌ ဆိုမာလီနိုင်ငံအနီးရှိ Aden ပင်လယ်ကွေ့အရောက်တွင် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။ ပင်လယ်ဓားပြများက အမေရိကန် ဒေါ်လာ ၈ သန်းပေးရန် အစောပိုင်းက တောင်းထားသည်။
ယခင်နှစ် စက်တင်ဘာလကလည်း တောင်ကိုရီးယား ကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောအား ပြန်ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။
Aden ပင်လယ်ကွေ့သည် အရှေ့အာဖရိကတိုက် ဆိုမာလီနိုင်ငံနှင့် ယီမင်နိုင်ငံ အကြားတွင် ရှိသည်။ယင်းပင်လယ်ကွေ့မှ တဆင့် အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းကို ဖြတ်သန်း၍ ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်းကူးသန်း ရောင်းဝယ်ရာ အဓိက လမ်းကြောင်းလည်း ဖြစ်သည်။
နှစ်စဉ် ပင်လယ်ကူးသင်္ဘော ၂ သောင်းကျော် ဖြတ်သန်းနေပြီး သင်္ဘောများကို ပြန်ပေးဆွဲရာမှ ဓားပြများအတွက် နှစ်စဉ် အမေရိကန် သန်း ၁၅၀ ကျော်ရရှိကြောင်း အကဲခတ်များက ခန့်မှန်းကြသည်။
(တည်းဖြတ် ကိုဝိုင်း)