နာရေးကူညီမှု အသင်းကို စည်ပင်က တရားစွဲ

နာရေးကူညီမှု အသင်းကို စည်ပင်က တရားစွဲ
အသုံးပြုခွင့် မပေးသေးသော အဆောက်အဦးကို အသုံးပြုသည်ဟုဆိုကာ နာရေးကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက ယနေ့ တရားစွဲဆို ...

နယူးဒေလီ ။       ။ အသုံးပြုခွင့် မပေးသေးသော အဆောက်အဦးကို အသုံးပြုသည်ဟုဆိုကာ နာရေးကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက ယနေ့ တရားစွဲဆိုလိုက်သည်။

နာရေးကူညီမှု အသင်းရှေ့တွင် ရေမြောင်းတူးရန် မြောက်ဒဂုံမြို့နယ် စည်ပင်ဌာနက ညွှန်ကြားခဲ့သည်ကို လိုက်နာမှု မရှိခြင်းကြောင့် သုံးစွဲခွင့် မပေးသေးသော အဆောက်အဦးကို အသုံးပြုသဖြင့်  စည်ပင်က ယခုလို တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အဆောက်အဦးရှေ့ လမ်းမကြီးဘေး အုတ်တံတိုင်းနားမှာ ၅ ပေကျယ်၊ ၅ ပေနက်တဲ့ မြောင်းမဖောက်တဲ့အတွက် သူတို့က အဆောက်အဦး သုံးခွင့်မပေးဘူး။ အသုံးပြုခွင့်မပေးဘဲ သုံးနေတဲ့အတွက် ကျနော်တို့ကို တရားစွဲမယ်ပေါ့ဗျာ” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ဦးကျော်သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြို့နယ်စည်ပင်က နာရေးကူညီမှုအသင်းကို တရားစွဲမည့်အကြောင်း စာဖြင့် အကြောင်းကြားသည့်အခါ ဦးကျော်သူက တရားစွဲမည်ဆိုလျှင် သူ့ကို စွဲဆိုရန် အမည်စာရင်း ပေးလိုက်ပြီးနောက် တောင်ဒဂုံတရားရုံးတွင် မြောက်ဒဂုံ စည်ပင်က တရားစွဲဆိုခြင်း ဖြစ်သည်။

တရားခံအဖြစ် စွပ်စွဲခံထားရသည့် ဦးကျော်သူသည် စာဖြင့်ဆင့်ခေါ်သော်လည်း တောင်ဒဂုံ တရားရုံးသို့ ယနေ့ သွားရောက်ခြင်း မရှိဘဲ၊ အသင်းမန်နေဂျာသာ သွားရောက်ခဲ့သဖြင့် စွဲချက်တင်နိုင်ခြင်း မရှိသေးပါ။

မြောက်ဒဂုံ မြို့နယ်စည်ပင်သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက တရားစွဲရန် ပြုလုပ်ထားကြောင်း ပြောဆိုသော်လည်း၊  အသေးစိတ် အချက်အလက်များ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ရေမြောင်းမတူးသည့် အကြောင်းနှင့် ပတ်သက်၍ ဦးကျော်သူက “မတူးဖြစ်ဘူးဆိုတာက ကျနော်တို့ တကွက်ထဲကို လာတူးခိုင်းနေတာလေ။ ဘေးအကွက်တွေက တူးမှ မတူးတာ။ ဘေးအကွက်တွေ တူးမှ ရေစီးရေလာက ကောင်းမှာကိုး။ ဒီတကွက်ထဲ တူးတယ်ဆိုရင် ကျနော်တို့ရှေ့မှာ ရေလှောင်ကန် ဖြစ်သွားမှာပေါ့။ ရေလှာင်ကန်ဖြစ်ရင် ခြင်တွေဘာတွေ ပေါက်မယ်၊ ခြင်မွေးကန် ဖြစ်သွားမယ်။ အဲဒါက လူနာတွေအတွက်ပါ အန္တရာယ်ရှိတယ်” ဟု ရှင်းပြသည်။ လတ်တလောတွင် အဆောက်အဦးမှ ရေများကို အနောက်ဘက်ရှိ ငမိုးရိပ်ချောင်းအတွင်း စွန့်ပစ်နေသည်။

ကျပ်သိန်း ၂၀၀၀ ခန့် အကုန်ကျခံကာ တည်ဆောက်ထားသည့် အသင်းပိုင် အဆောက်အဦးတွင် ရန်ကုန် နာရေးကူညီမှုအသင်း ရုံးခန်းနှင့် သုခ ကုသိုလ်ဖြစ် ဆေးခန်းကို ပူးတွဲဖွင့်လှစ်ထားကာ၊ တနေ့လျှင် နာမကျန်းသူ လူနာ ဦးရေ ၁၅၀ မှ ၂၀၀ ဝန်းကျင်အထိ အခမဲ့ ကုသပေးနေသည်။

ဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွား-မီးယပ်နှင့် သက်ဆိုင်သည့် ရောဂါများ၊ ကလေးနှင့် အမျိုးသမီး အထူးကုသရေးတို့အပြင် အခမဲ့ ဓာတ်မှန်ရိုက်ပေးရာ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုဆရာမများက ရက်သတ္တပတ်လုံး ပိတ်ရက်မရှိ ကုသပေးသကဲ့သို့၊ နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် နာရေးကိစ္စ ၅၀ ခန့်ကို နေ့စဉ် အခမဲ့ ကူညီပို့ဆောင်ပေးနေသည်။

မြောင်းဖောက်မည်ဆိုလျှင် အဆောက်အဦး အသုံးပြုခွင့်အပြင် ဓာတ်မှန်ခန်းနှင့် အခြားအဆောက်အဦးများ ထပ်မံတည်ဆောက်ခွင့် ပေးဦးမည်ဟု မြို့နယ်စည်ပင်က ပြောဆိုခဲ့ကြောင်း ဦးကျော်သူက ပြောသည်။

အသုံးပြုခွင့်အတွက် ခရိုင်စည်ပင်က ဓာတ်ပုံရိုက်ယူထားပြီး အသုံးပြုခွင့် ချပေးရန် စောင့်ဆိုင်းနေစဉ် မြို့နယ်စည်ပင်က ယခုလို တရားစွဲဆိုရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တရားစွဲဆိုမှု အထမြောက်ပါက နာရေးနှင့် အခမဲ့ ဆေးကုသရေး လုပ်ငန်းများ ရပ်ဆိုင်းခံရဖွယ် ရှိသည်။

“မပြောတတ်ဘူးဗျာ။ တရားစွဲလို့ ပိတ်ရမယ်ဆိုရင်တော့ အကုန်ပိတ်ရမှာပဲ။ ဆေးကုခွင့်လည်း ပိတ်ပစ်မှာပဲ။ နာရေးကူညီမှုတွေလည်း မလုပ်တော့ဘူး။ ဒါပဲ။ ကျနော်လည်း ထောင်ထဲဝင်ရုံပဲ။ ဒါပဲရှိတယ်။ လုပ်နိုင်တဲ့ အတိုင်းအတာထဲက ကျနော်တို့ လုပ်ပေးခဲ့ပါတယ်။ ဒီဟာကြီးက အဓိပ္ပာယ် မရှိတဲ့အတွက် မလုပ်တာပါ” ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးကျော်သူနှင့် စေတနာရှင်များက ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ဆင်းရဲချမ်းသာနှင့် လူမျိုးဘာသာမရွေးဘဲ နာရေးကိစ္စများအတွက် အခမဲ့ ပို့ဆောင်သဂြုႋဟ်ပေးခဲ့ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို သင်္ဃန်းကျွန်းမှ မြောက်ဥက္ကလာပရှိ ရေဝေးသုသာန် နယ်နိမိတ်အတွင်း ပြောင်းရွှေ့ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် ကျောက်တံတားမြို့နယ် စည်ပင်သာယာရုံးက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် သုသာန်တွင် နာရေးကူညီမှုအသင်း ရုံးခွဲတခု ဖွင့်လှစ်ကာ နိဗ္ဗာန်ယာဉ်အားလုံးကို ပြောင်းရွှေ့ပေးခဲ့ရသေးသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)