အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တားမြစ်မှု ထပ်မံ ကြေညာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တားမြစ်မှု ထပ်မံ ကြေညာ
ပါတီဝင်အချို့၏ လုပ်ဆောင်ချက်များတွင် ပါတီစည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီသည်များ ရှိနေသဖြင့် လွန်ခဲ့သည့် ၆ နှစ်ကျော်ကတည်းက ချမှတ်ခဲ့ပြီး ဖြစ်သည့် စည်းကမ်းချက်များ ...

နယူးဒေလီ။      ။ ပါတီဝင်အချို့၏ လုပ်ဆောင်ချက်များတွင် ပါတီစည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီသည်များ ရှိနေသဖြင့် လွန်ခဲ့သည့် ၆ နှစ်ကျော်ကတည်းက ချမှတ်ခဲ့ပြီး ဖြစ်သည့် စည်းကမ်းချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့တွင် ပြန်လည်၍ ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ပမီဒီယာများသို့ အဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် မူဝါဒပိုင်းဆိုင်ရာများကို ပြောဆိုခြင်း အပါအဝင် ပါတီစည်းကမ်း မလိုက်နာမှုများ တွေ့ရှိနေရ သဖြင့် ၂၀၀၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းများကို ပြန်လည်ထုတ်ပြန်ရကြောင်း အန်အယ်ဒီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောဆိုသည်။

စည်းကမ်းချက်ထဲတွင် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင်များသည် ၎င်းတို့ ဒေသတွင်း လှုပ်ရှားမှု အခြေအနေများနှင့် အကြောင်းအရာများကိုသာ ပြည်ပမီဒီယာများသို့ ပြောကြားရန်လည်း ပါရှိသည်။

“မြို့နယ်တွေက ကိုယ့်ဒေသတွင်း လုပ်ဆောင်ချက်တွေ ပြောပေါ့ဗျာ။ ပြောခွင့်ရှိပါတယ်။ အဲလိုမဟုတ်ဘဲ အဖွဲ့ချုပ်က ဒီလို သဘောထားသင့် ပါတယ်လို့ ပြောရင်တော့၊ အဖွဲ့ဝင် ၁၀၀ က ပြောတော့ သဘောထား အမျိုးပေါင်း ၁၀၀ ဖြစ်သွားမှာပေါ့။ ဒါကြောင့် အဖွဲ့ချုပ် ဗဟိုကို ပြောပြကြပါ။ မီဒီယာတွေကို ပြောတဲ့အခါ တသံထဲ ပြောကြတာပေါ့ဆိုတဲ့ သဘောပါ” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။

သူက ဆက်ပြီး “အဖွဲ့ချုပ်ရဲ့ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာတွေ၊ sensitive (အထိပါး မခံနိုင်) ဖြစ်တဲ့ကိစ္စတွေကို ဗဟိုအလုပ်မှုဆောင်ကပဲ ပြောပါမယ်လို့ ညွှန်ကြားထားတာ ရှိတယ်။ အဲဒါကို တချို့က ပြောနေတာတွေ ရှိနေလို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့က ပြည်နယ်နဲ့ တိုင်း အသီးသီးက အဖွဲ့ဝင်တွေ အားလုံးကို သတိထားပြီး ဆောင်ရွက်ဖို့ ထပ်ပြီး သတိပေးတဲ့ သဘောပါ” ဟု ပြောသည်။

စည်းကမ်းချက်များတွင် အဖွဲ့ချုပ်၏ နိုင်ငံရေး ဦးတည်ချက်နှင့် ညီညွှတ်ရေး ပျက်ပြားစေသည့် ကိစ္စများကို အားထုတ် လုပ်ဆောင်ခြင်း မပြုရန်၊ ဒီမိုကရေစီ အခွင့်အရေးကို အလွဲသုံးစား ပြုလုပ်ပြီး ကိုယ်ကျိုးအတွက် အသင်းခွဲ၊ ဂိုဏ်းခွဲခြင်းများကို ရှောင်ကြဉ်ရန်၊ စည်းရုံးရေးအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အတွင်းသာ စည်းရုံးလုပ်ဆောင်ရန်၊ နယ်ကျော်၍ စွက်ဖက်စည်းရုံးခြင်း မပြုလုပ်ရန်နှင့် အဖွဲ့ချုပ်၏ မူဝါဒကို မထိခိုက်စေဘဲ ပြည်ပမီဒီယာများနှင့် ပြောဆိုဆွေးနွေးရန်တို့လည်း ပါဝင်သည်။

စည်းကမ်းချက်များကို ယခုလို ပြန်လည်ထုတ်ပြန်ရခြင်းသည် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ တိုက်တွန်း အကြံပြုချက်အရ ယခုလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ယူပေးရန်အတွက် မန္တလေး၊ ပဲခူး၊ မကွေးနှင့် ရန်ကုန်တိုင်းအတွင်းရှိ ၂၅ မြို့နယ်ခန့်မှ စည်းအဖွဲ့များက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများမှတဆင့် မကြာသေးခင်က ထုတ်ဖော်ပြောဆိုမှုများအပြီး ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ထိုစဉ်က ပါတီ ဗဟိုဦးဆောင်မှု ကော်မတီများ ပြန်လည် အားသစ်လောင်းရန်အတွက် တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ပေးရေး အထိပါ ပြောဆိုမှုများ ရှိခဲ့သည်။

ထိုကဲ့သို့ ပြည်လုံးကျွတ် ညီလာခံခေါ်ယူပေးရန် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ညီလာခံ ခေါ်ယူရေး တောင်းဆိုပုံ တောင်းဆိုနည်းများမှာ နည်းလမ်းမကျဘဲ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်နှင့်တိုင်းမှ ဗဟိုသို့ အဆင့်ဆင့် တင်ပြ တောင်းဆိုရန် လိုအပ်ကြောင်းနှင့် မြို့နယ်ပေါင်း ၄၀၀ ခန့်ရှိသည့်အနက် ၂၀၀ ကျော်မှ တောင်းဆိုခဲ့လျှင် အလေးထား စဉ်းစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့တွင် မဇ္စျိမကို ရှင်းပြခဲ့သည်။

ထို့အပြင် ညီလာခံခေါ်ယူရေးနှင့် ပတ်သက်၍ပင် ဗဟိုအလုပ်အမှုဆောင် ကော်မတီကလည်း ယခုလ ၂၂ ရက်နေ့တွင် အထူး ကြေညာချက်တရပ် ထုတ်ပြန်ရာ ဗဟိုအလုပ်အမှုဆောင်နှင့် ဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိပါကြောင်း ထည့်သွင်းရေးသားထား သည်။

ထို့ကြောင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံခွင့် ရသည့်အခါ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်မည်ဟုလည်းကောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာသည့်အခါတွင် လိုအပ်သလို ညှိနှိုင်း ဆုံးဖြတ် ဆောင်ရွက်မည်ဟု လည်းကောင်း ဆိုထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်းရှိ မဲဆန္ဒနယ်များ အနက် ၈၂ ရာခိုင်နှုန်းကျော်တွင် အနိုင်ရရှိခဲ့ သော်လည်း စစ်အစိုးရများက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ ဘက်ပေါင်းစုံ ဖိနှိပ်မှုများကြားမှ နှစ်ပေါင်း ၂၀ ကျော် ရပ်တည် လာခဲ့ရသည်။ သို့သော် ပြည်လုံးကျွတ် ညီလာခံကို တကြိမ်မျှ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)