မဇ္ဈိမ(ချင်းမိုင်)။ ။ မြန်မာနိုင်ငံအနှံ အကျဉ်းထောင်များ၌ ဆေးကုသမှုခံယူရန် လိုအပ်နေသည့် နိုင်ငံရေး အကျဉ်းသား ၁၂၅ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ကပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုလှမျိုးနောင်၊ လူ့အခွင့် အရေးလှုပ်ရှားသူ မစုစုနွေး၊ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၊ အန်အယ်ဒီအဖွဲ့ဝင် ဦးရွှေမောင်း၊ အန်အယ်ဒီ လှိုင်သာယာ မြို့နယ်စည်း ဦးတင်ယုတို့လည်း ဆေးကုသရန် လိုအပ်နေသူများတွင် ပါဝင်သည်။
“အာဏာပိုင် အဆင့်ဆင့့်ရဲ့ ခွင့်ပြုချက်ယူရတယ်။ ဆရာဝန် ပြတာကလဲ တပတ်မှာတခါပဲ။ အဲဒါ တောင် တော်တော်လဲ အခြေအနေဆိုးမှပြရတဲ့ အခြေအနေဖြစ်နေတယ်” နို်င်ငံရေးအကျဉ်းသားများနှင့် ပတ်သက်ပြီး တစိုက်မတ်မတ် မှတ်တမ်းတင်ထားသော ထိုင်းနယ်စပ် အခြေစိုက် AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင်က မဇ္စျိမကို ပြောသည်။
”ကျနော်တို့ကို ဒီအကျဉ်းသား မိသားစုတွေထဲကနေ ဖုန်းနဲ့ အင်တာဗျူးပေးလာတာ။ တချို့က ကျနော်တို့ မိတ်ဆွေတွေကနေ ပြောပြတာတွေကနေ စာရင်းကောက်ယူထားတာပါ။ ” ဟု ကိုဘိုကြည်က ရှင်းပြသည်။
မြစ်ကြီးနားထောင်ရှိ ကိုလှမျိုးနောင်သည် ပြီးခဲ့သည်လက မျက်စိကုသမှု လိုအပ်သဖြင့် ထောင်အာဏာပိုင်များ အား စာတင်ထားသော်လည်း အာဏာပိုင်များက တု့ံပြန်မှုမရှိဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိပြီး ယင်းထဲတွင် ၂၀၀၇ ခု သြဂုတ် ကုန်စျေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် သံဃာလှုပ်ရှားမှု နောက်ပိုင်း ဖမ်းခံရသူ ၁၀၀၀ ကျော်ပါဝင်သည်ဟု အေအေပီပီ၏ စာရင်းတွင် ဖော်ပြ ထားသည်။
မြစ်ကြီးနား ထောင်တွင်း၌ ဆေးမှူးသာရှိပြီး ဆရာဝန်မရှိသလို သုံးရေ မသန့်သဖြင့် ယားနာ ဖြစ်ရကြောင်း ဟာသသရုပ်ဆောင် ကိုဇာဂနာက ပြောကြားသည်ဟု မကြာသေးခင်က ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သူ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမသို ့ပြောသည်။
၂၀၀၇ သံဃာမေတ္တာပို့ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၉ နှစ်ကျော် ချခံထားရသူ ဦးတင်ယု (၅၂နှစ်) သည်လည်း အင်းစိန်ထောင်တွင်း မျက်လုံးကွယ်သွားသည်။ အဖမ်းမခံရမီ လူတစုက ရိုက်နှက်မှုကြောင့် ဒဏ်ရာရခဲ့မှုကို ထောင်တွင်း ဆေးကုသမှုပေးရန် ပျက်ကွက်ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
သထုံထောင်တွင် ရှိနေသော ဦးတင်ယု၏သား ကိုသန့်ဇော်မြင့်သည်လည်း ၂၀၀၇ ခု သြဂုတ်လတွင် လောင်စာဆီ စျေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့ရာ ကြံ့ဖွ့ံများက ရိုက်နှက် ဖမ်းဆီးခဲ့သဖြင့် ခါးနာပြီး နားကိုက်နေသည်။
ထို့အပြင် ၂၀၀၇ သံဃာလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသော သံဃာတော်များသည်လည်း အဓမ္မ လူဝတ်လဲခြင်း ခံရပြီး ထောင်သားတဦးကဲ့သို့သာ ဆက်ဆံခံနေရကြောင်း မြန်မာနိုင်ငံ သံဃာတပ်ပေါင်းစုမှ ဦးဣဿရိယက ပြောသည်။
စစ်အစိုးရက ပြီးခဲ့သည့်လက အကျဉ်းသား စုစုပေါင်း ရ၀၀၀ ကျော်အား လွှတ်ပေးခဲ့သည်။
သို့သော် နိုင်ငံရေးအကျဉ်းသား ၁၃၀ ကျော်သာပါပြီး ယင်းလနှင့် နောက်ပိုင်း ဖမ်းဆီးမှုမှာမူ ၁၀၀ ကျော်ဖြစ်သည်ဟု အေအေပီပီက ဆိုသည်။