ရန်ကုန် (မဇ္စျိမ)။ ။ “ရိုးသားကြိုးစား၊ ဧရာဝတီသား” လို့ ကြွေးကြော်လေ့ရှိတဲ့ ဒယ်လ်တာ ယူနိုက်တက် ပရိသတ်တွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့ ဇေယျာရွှေမြေနဲ့ ပွဲစဉ်အပြီးမှာလည်း ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲရဲ့ ပွဲစဉ်တွေက ထက်ဝက်ကျော်လာခဲ့ပါပြီ။ အသင်း ၈ သင်းလုံး နှစ်ကျော့စီ ကစားရမယ့် ပြိုင်ပွဲစနစ်အရ ပထမတကျော့ပြီးဆုံးပြီး၊ ဒုတိယအကျော့ရဲ့ ပွဲစဉ်တွေ ပြန်လည်စတင်နေပါပြီ။
ဒုတိယအကျော့ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဇေယျာရွှေမြေအသင်းနဲ့ ပွဲစဉ်မှာ ဧရာဝတီသားတို့ရဲ့ ဒယ်လ်တာ ယူနိုက်တက် အသင်းဟာ ၃ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး၊ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီရလဒ် အနေအထားဟာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ MNL Cup Grand Royal 2009 ပြိုင်ပွဲက ရလဒ်နဲ့တော့ ဆန့်ကျင်ဘက် အနေအထားပါပဲ။
မြန်မာနိုင်ငံမှာ ပရိုဘောလုံးစနစ် စတင်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ MNL Cup Grand Royal 2009 ပြိုင်ပွဲဟာ အခုပြုလုပ်ကျင်းပနေတဲ့ MNL League 2009 ပြိုင်ပွဲနဲ့ ကျင်းပပုံစနစ် ကွာခြားပါတယ်။ အရင် ပြိုင်ပွဲက အသင်းအားလုံး တကြိမ်စီ ပတ်လည်ကစားပြီး၊ အမှတ်အများဆုံး နှစ်သင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတဲ့ စနစ်ပါ။
အခု ပြိုင်ပွဲကတော့ အသင်းအားလုံး ပတ်လည် နှစ်ကြိမ်စီ ကစားပြီး၊ အမှတ်အများဆုံး အသင်းက တိုက်ရိုက်ဗိုလ်စွဲမှာ ဖြစ်ပါတယ်။
ပထမဆုံးပြိုင်ပွဲမှာ ရ ပွဲကစားပြီး၊ ၁ ပွဲနိုင် - ၁ ပွဲသရေ - ၅ ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၄ မှတ်သာ ရရှိခဲ့တဲ့ ဒယ်လ်တာ ယူနိုက်တက်အသင်းဟာ အသင်း ၈ သင်းပါတဲ့ အမှတ်ပေးဇယားမှာ အောက်ဆုံးက ရပ်တည်နေခဲ့တာပါ။ အခု ပြိုင်ပွဲမှာလည်း ဒယ်လ်တာ ယူနိုက်တက် အသင်းကို ဘောလုံးကျွမ်းကျင်သူတွေကရော၊ ဘောလုံးဆောင်းပါးရှင်တွေနဲ့ ပရိသတ်တွေကပါ ဒီနေ့လက်ရှိ အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ တွေးမထင်ထားခဲ့ကြပါဘူး။ ပထမအကြိမ် ပြိုင်ပွဲမှာ ဖိုင်နယ်တက်ခဲ့တဲ့ ရတနာပုံအသင်းနဲ့ ရန်ကုန် အက်ဖ်စီအသင်း တို့ကိုပဲ အများဆုံး တစ်ပေးခဲ့ကြပါတယ်။
ပရိုစနစ်ကို တိုက်ရိုက် အစောတလျင် ပြောင်းလဲခဲ့တဲ့ နောက်ဆက်တွဲရလဒ်က အကောင်းအဆိုး ပြောရခက်နေသေးပေမယ့် အပြောင်းအလဲတွေကတော့ အများကြီး ဖြစ်ခဲ့ပါတယ်။ အသိသာ အထင်ရှားဆုံးကတော့ ကွင်းတွင်းရလဒ်ပိုင်းပါပဲ။ ပထမအကြိမ် ပြိုင်ပွဲမှာ အောက်ဆုံးက ရပ်တည်ခဲ့တဲ့ ဒယ်လ်တာ ယူနိုက်တက် အက်ဖ်စီအသင်းဟာ ဒီပြိုင်ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဇယားထိပ်မှာ ရပ်တည်နေနိုင်တဲ့အထိ ဖြစ်လာခဲ့တာဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲပါပဲ။
ပွဲစဉ် ၄ ပွဲစီ ကစားပြီးချိန်မှာ အရင် ပြိုင်ပွဲရဲ့ ချန်ပီယံ ရတနာပုံ အက်ဖ်စီအသင်းနဲ့ ဒယ်လ်တာ ယူနိုက်တက် အသင်းတို့ဟာ ၃ ပွဲနိုင် - ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိ စံချိန်တူပြီး ရမှတ်လည်း တူညီနေခဲ့ပါတယ်။ ပွဲစဉ် ၅ မှာ သူတို့နှစ်သင်းဟာ မန္တလေးမြို့ ဗထူးကွင်းမှာ တိုက်ရိုက်တွေ့ဆုံမယ့် အခွင့်အရေး ပေါ်လာပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေ၊ ခန့်မှန်းသူတွေ အားလုံးက ဒယ်လ်တာ အသင်းဟာ အသင်းလိုက် စုစည်းမှုကောင်းတဲ့ ရတနာပုံအသင်းကို မန္တလာပရိသတ်ရှေ့မှောက်မှာ အနိုင်ရဖို့ မလွယ်ဘူးလို့ တညီတညွတ်တည်း ခန့်မှန်းခဲ့ကြပါတယ်။
ပြဿနာတွေ၊ အငြင်းပွားစရာတွေ၊ ပဋိပက္ခတွေ အများကြီး ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒယ်လ်တာ ယူနိုက်တက် အသင်းဟာ မန္တလာမြေကနေ အနိုင် ၃ မှတ်နဲ့အတူ ပြန်လာခဲ့ပါတယ်။ ဒီပွဲမှာ ပွဲချိန်ကုန်ဆုံးပြီး နာကျင်အချိန်ပို ၁၅ မိနစ်အထိ ပေးခဲ့တာက ပြည်တွင်း ဘောလုံးလောကမှာ ထူးခြားချက်တရပ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်လူကြီးရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အရှုံးဆိုတဲ့ ရလဒ်ကို ရောထွေးမိခဲ့ကြတဲ့ မန္တလာပရိသတ်တွေရဲ့ ဒေါသမီးဟာ ဒယ်လ်တာ ယူနိုက်တက် ကစားသမားတွေ ည ၈ နာရီမှ ဗထူးကွင်းပြင် ပြန်ထွက်နိုင်တဲ့ အခြေအနေအထိ လောင်ကျွမ်းခဲ့ပါတယ်။
အစိုးရကျောထောက်နောက်ခံ ပေးထားတဲ့ လုပ်ငန်းရှင်တွေချည်း ထူထောင်ထားတဲ့ ကလပ်အသင်းတွေကြားမှာ အရင်က ကွင်းပြင်ပြိုင်ဆိုင်မှုအနေနဲ့ လက်ညှိုးထိုးပြောစရာ သိပ်မရှိခဲ့ပါဘူး။ ရတနာပုံ-ဒယ်လ်တာပွဲမှာတော့ တဘာသာ ပြောင်းလဲခဲ့ပါတယ်။ ပွဲချိန်အတွင်း ဒိုင်လူကြီးဟာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ထူထောင်ထားတဲ့ အသင်းအပေါ် ဘက်လိုက်ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုက ပြည်တွင်းဂျာနယ်တွေမှာ ရိုးတိုးရိပ်တိတ် ဖော်ပြခဲ့ကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ နှိုင်းယှဉ်ထောက်ပြစရာတချက် ရှိနေပါတယ်။ ဆုကြေးစားစနစ် ဖွံဖြိုးပြီးဖြစ်တဲ့ အင်္ဂလန် ဘောလုံးလောကရဲ့ ဘောလုံးအဖွဲ့ချုပ် FA မှာတောင် ပရီးမီးယားလိဂ် အသင်းကြီးတွေက ထိပ်ပိုင်းနေရာတွေ ဝင်ယူထားတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာမပေါ်ခဲ့ပါဘူး။ ကွဲပြားတာကတော့ သူတို့ဆီမှာ ဆုကြေးစား ဘောလုံးသမားတွေဘက်က ကာကွယ်မယ့် အဖွဲ့အစည်းတွေနဲ့ ဒိုင်လူကြီးတွေအတွက် သီးသန့် အာဏာပိုင် အဖွဲ့အစည်းတွေ ထားရှိတာပါပဲ။ FA ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ ပွဲစဉ်ဇယားရေးဆွဲမှု လောက်ကိုသာ အသာယူလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘောလုံးအဖွဲ့ချုပ် တခုတည်းအောက်မှာ အားလုံး မှီခိုရပ်တည်နေရတဲ့အတွက် ဒီပြဿနာက မီးဖြစ်လာခဲ့တာပါ။
ပြဿနာတွေကြားမှာ ဒယ်လ်တာအသင်းဟာ နိုင်ပွဲတွေ ဆက်နိုင်ခဲ့ပါတယ်။ ကမ္ဘောဇကို ၁-၁ သရေ၊ မကွေးကို ၅-၁ နဲ့ အနိုင်၊ အခုနောက်ဆုံး ဇေယျာရွှေမြေကို ၃-၁ နဲ့ အနိုင် စတဲ့ ရလဒ်ကောင်းတွေနဲ့ ဇယားကို ဆက်လက်ဦးဆောင်ခဲ့ပြီး၊ ကွင်းတွင်းရလဒ် ကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းပြင်ရလဒ်အနေနဲ့ကတော့ ဒယ်လ်တာအသင်းဟာ ပိုင်ရှင်လွှဲပြောင်းပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အသင်းပိုင်ရှင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဘောလုံးဝါသနာပါပြီး၊ အသင်းသစ်တသင်း တည်ထောင်ဖို့ ပြင်ဆင်နေတဲ့ ပရီမီယာကော်ဖီ ကုမ္ပဏီလီမိတက်ရဲ့ ပိုင်ရှင် ဦးထွန်းရင်ကို လွှဲပြောင်းပေးတဲ့ အနေအထားအထိ ဖြစ်သွားခဲ့ပါတယ်။
“ကျနော့်အနေနဲ့ ဦးဇော်ဇော်ကို ကျေးဇူးတင်ရှိပါတယ်။ သိန်း ၅၀၀၀ လောက် အနည်းဆုံး စိုက်ထုတ် အကုန်အကျခံထားပြီးဖြစ်တဲ့ အသင်းတသင်းကို အခုလို လက်လွှဲပြောင်းရယူနိုင်ခဲ့တာ အရမ်းဝမ်းသာမိပါတယ်” လို့ ဦးထွန်းရင်က အခမဲ့ရခဲ့တဲ့ ဘောလုံးအသင်းနဲ့ ပတ်သက်ပြီး ခံစားချက်ကို ထုတ်ဖော်ခဲ့ပါတယ်။
မန္တလေးနဲ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် သူစိတ်မကောင်း ဖြစ်ရပါတယ်။ သူ့အနေနဲ့လည်း ဆက်လက် တာဝန်ယူဖို့ မသင့်တော်တဲ့ အနေအထားဖြစ်နေလို့ပါလို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာတွေ ရှေ့မှောက်မှာ တရားဝင်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပြည်တွင်းက ဝေဖန်သူတွေကတော့ သူဟာ လုပ်ပိုင်ခွင့် အာဏာနဲ့ စီးပွားရေး စပ်ဆက်တဲ့ အနေအထားကို အပျက်အယွင်း မခံချင်တာကြောင့်၊ နာမည်ကောင်းလက်မှတ် မပျောက်ချင်တာကြောင့် အခုလိုပဲ ဖြေရှင်းခဲ့တာလို့ သုံးသပ်ကြပါတယ်။
ပထမနဲ့ ဒုတိယပြိုင်ပွဲ နှစ်ခုအကြားမှာ အသင်းတသင်း တိုးတက်လာခြင်းဟာ ဘောလုံးလောကအတွက်တော့ အကောင်းဘက်က တိုးတက်မှုတခုပါပဲ။ ဒီပြိုင်ပွဲနှစ်ခုအကြားမှာ တခြားပြောင်းလဲခဲ့တာကတော့ နိုင်ငံခြားသား ခေါ်ယူအသုံးပြုမှုပါ။ ပထမတကြိမ်မှာ အသင်းအများစုက ပြည်တွင်းကစားသမားတွေကို အဓိကထား ခေါ်ယူခဲ့ကြပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသားတွေ အသုံးအများဆုံး ရန်ကုန်နဲ့ ရတနာပုံ ဗိုလ်လုပွဲရောက်ခဲ့ပြီး၊ နိုင်ငံခြားသားနည်းပြတဲ့ ရတနာပုံအသင်း ဗိုလ်စွဲခဲ့တာက တခြားအသင်းတွေကို လှုပ်နှိုးသလို ဖြစ်စေခဲ့ပါတယ်။ အခု MNL League 2009 ပြိုင်ပွဲမှာတော့ ကမ္ဘောဇအသင်းကလွဲလို့ အသင်းတိုင်းဟာ သတ်မှတ်ထားတဲ့ နိုင်ငံခြားသားဦးရေ ၅ ဦးကို အပြည့်ခေါ်ယူခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား နည်းစနစ် ဒါရိုက်တာ၊ နိုင်ငံခြားသား နည်းပြတွေ ခေါ်ယူဖို့ အသီးသီး ခြေလှမ်းပြင်ခဲ့ကြပါတယ်။
လက်ရှိ ပြိုင်ပွဲအနေအထားကတော့ ၈ ပွဲစီ ကစားပြီးချိန်မှာ ဒယ်လ်တာ ယူနိုက်တက် အသင်းက ထိပ်ဆုံးမှာ ၂ဝ မှတ်နဲ့ ပထမ၊ ရတနာပုံ အက်ဖ်စီအသင်းက ၁၉ မှတ်နဲ့ ဒုတိယ အပြိုင်အဆိုင် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ ကမ္ဘောဇ အက်ဖ်စီက ၁၂ မှတ်၊ ဇေယျာရွှေမြေက ၁၀ မှတ်နဲ့ တတိယ၊ စတုတ္ထ အစဉ်လိုက် ရပ်တည်နေပါတယ်။ ပထမပြိုင်ပွဲမှာ ခြေစွမ်းထက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် အက်ဖ်စီအသင်းကတော့ ရလဒ်ဆိုးတွေနဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
သချာင်္နည်းအရ အားလုံး ဖြစ်နိုင်ချေရှိသေးပေမယ့် လက်ရှိအနေအထားက ဒယ်လ်တာနဲ့ ရတနာပုံကလွဲရင် ချန်ပီယံဆုကို အခြားအသင်းရဖို့ မဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပါတယ်။ ထိပ်ဆုံးမှာ နှစ်သင်းတည်း ပြေးနေတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာတော့ ဒယ်လ်တာ ယူနိုက်တက်အသင်းကပဲ ခြေစွမ်းမှန်ကန်ကြောင်း သက်သေပြပြီး ဖလားယူသွားမှာလား၊ ရတနာပုံ အက်ဖ်စီအသင်းကပဲ မန္တလာပရိသတ်ကို ဒုတိယမြောက်ဖလား ပေးအပ်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။