နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးသင့်ကြောင်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် မြန်မာပြည်တွင်းရှိ နိုင်ငံရေးသမားများက တောင်းလိုက်သည်။
“ကျနော်တို့ လှုပ်ရှားမှုတွေကို ပြည်တွင်း ဂျာနယ်တွေမှာ ဖော်ပြခွင့် မရှိဘူး။ ၂၀၁၀ ကလည်း နီးကပ်လာပြီ။ ပြည်သူတွေကို တင်ပြဖို့တောင် နောက်ကျနေပြီ” ဟု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္စျိမကို ပြောသည်။
၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေအုန်းကလည်း ပါတီများ၏ ရပ်တည်ချက်၊ သဘောထားများကို ပြည်သူလူထု သိရှိစေရန် ခင်းကျင်းပြသရေး လိုအပ်နေသဖြင့် မီဒီယာ အခန်းကဏ္ဍ လိုအပ်နေပြီဟု ပြောဆိုသည်။
“အဖွဲ့ရဲ့ လှုပ်ရှားမှုလေးတွေကို ကြေညာချက်လေးတွေနဲ့ ထုတ်တာက ဘာမှ မထိရောက်ဘူး။ ဘေးက လူတွေလောက်ပဲ သိတယ်။ အဲဒါ မီဒီယာကတဆင့် ပြောလို့ရှိရင် ပိုထိရောက်မယ်။ ဒါပေမဲ့ အခုထိ ဘာမှ ခွင့်မရဘူး ဖြစ်နေတယ်” ဟု ဦးရွှေအုန်းက ပြောသည်။
ပြီးခဲ့သည့်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်းရှိ ဗဟန်းမြို့နယ်တွင် ‘၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲ’ တခုကို ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့ ဦးဆောင်ဟောပြောခဲ့ရာ ပြည်တွင်း၊ ပြည်ပ စာနယ်ဇင်းသမားများ ၃၀ ကျော် တက်ရောက်ခဲ့သော်လည်း ပြည်တွင်း မီဒီယာများတွင် ထိုသတင်းကို ဖော်ပြခွင့် မရရှိခဲ့ပေ။
ထို့အပြင် လူစုလူဝေးကို ကန့်သတ်သည့်အနေဖြင့် ၅ ဦးထက် ပိုမို၍ မစုဝေးရဟူသည့် ဥပဒေကြောင့် ထို့အပြင် ပါတီအဖွဲ့အစည်းများ အနေဖြင့် လှုပ်ရှားမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဦးသုဝေက ပြောသည်။
“ပါတီ စုဝေးတာတွေကို ကန့်သတ်ထားတော့ ကျနော်တို့က မွေးနေ့၊ ဆွမ်းကျွေးတွေကို အကြောင်းပြပြီး လုပ်နေရတယ်” ဟု သူက ပြောသည်။
နိုင်ငံရေး အဖွဲ့အစည်းများအပေါ် လှုပ်ရှားမှုများကို ယခုလို ကန့်သတ်ထားသည်မှာ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေနှင့် ပါတီများ တရားဝင် မှတ်ပုံတင်ခွင့်တို့ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်း အာဏာပိုင်များက အကြောင်းပြ ပြောဆိုလေ့ ရှိသည်။
၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မပြုလုပ်မီ ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းဥပဒေ ထုတ်ပြန်ခြင်းနှင့် ပါတီများ တရားဝင် မှတ်ပုံတင်ခွင့်တို့ကို တနှစ်ကျော်ကြာ ကတည်းက ကြိုတင်ထုတ်ပြန်ခဲ့သည်။
သို့သော် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍မူ ယနေ့ထိတိုင် တစုံတရာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည့် အပြင် မီဒီယာ အခန်းကဏ္ဍသည် ပိုမိုတင်းကျပ်နေကြောင်း ၁၉၉၀ ခုနှစ်တွင် ဒီမိုကရေစီပါတီ အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးသုဝေက ပြောသည်။
ထို့ပြင် တသီးပုဂ္ဂလကွန်ယက်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ရန် ပြင်ဆင်နေသည့် ဦးနေမျိုးဝေက စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ပါတီခေါင်းဆောင်များ၏ အသံများကို ပြည်တွင်း မီဒီယာများတွင် ဖော်ပြခွင့် ပေးသင့်ပြီ ဖြစ်ကြောင်း ပြောသည်။
“၂၀၁၀ ဟိုဘက်မရောက်ခင် ဆင်ဆာရှိလည်း ရှိပါ။ သို့သော် နေရာတိုင်းမှာ တကယ်လုပ်နေတဲ့ သူတွေကို သူတို့ရဲ့ အသံတွေ မူရင်းအတိုင်း ပါစေချင်ပါပြီ။ တကယ် လုပ်နေတယ်ဆိုတာ တည်ဆဲအစိုးရ အရာရှိတွေပါ ပါတယ်။ သူတို့က လက်တွေ့လုပ်နေတာ။ အနာဂတ်အတွက် ရည်ရွယ်နေသူတွေ ပါတယ်။ ဒါက ပြည်သူကို မညာနိုင်ဖို့ပဲ၊ လူစစ်ဖို့ပဲ” ဟု သူက ပြောသည်။
အလားတူ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် ပြည်တွင်း မီဒီယာများ၏ အားနည်းချက်များကို ဝေဖန် အကြံပြုထားသည့် ပြန်ကြားရေး ဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာကို ယမန်နေ့က သူ၏ အင်တာနက် စာမျက်နှာတွင် တင်ပြထားသည်။
“နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေဟာ ပြည်သူပိုင် ဖြစ်ပါတယ်။ ပြည်သူက သူတို့ကို ထင်သာမြင်သာအောင် ကြည့်လို့ရနေတဲ့ အခင်းအကျင်း ဖြစ်နေရပါမယ်။ မကြိုက်ရင် ကန့်ကွက်ရုံပါပဲ” ဟု သူက ပြောဆိုကာ၊ ပြည်ပရှိ မြန်မာစာနယ်ဇင်းများအနေဖြင့် အတိုက်အခံပါတီများ၏ လှုပ်ရှားမှုကိုသာ စောင့်ကြည့်ရေးသားခြင်း မဟုတ်ဘဲ၊ ဘက်မလိုက်သည့် သတင်းမီဒီယာများ ဖြစ်စေလိုကြောင်း ပြောသည်။
ထို့ပြင် ပြည်တွင်း မီဒီယာအများစုက သတင်းများ တင်ပြရာတွင် ကိန်းဂဏန်း အချက်အလက်များကိုသာ ဦးစားပေး တင်ပြလေ့ရှိပြီး ထိရောက်သည့် သတင်းတင်ပြမှု မရှိသဖြင့် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးကြောင်း သူ၏ အိတ်ဖွင့်ပေးစာတွင်လည်း ရေးသားထားသည်။