နယူးဒေလီ(မဇ္စျိမ)။ ။ ထောင်အကြောက်တရား မဟောကြားရန် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယနေ့ ပြောကြား လိုက်သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် လူဦးရေ ၂၀၀ ကျော်က သတင်းစာဆရာ ဦးဝင်းတင်ကို ကြည်ညိုလေးစားသောအားဖြင့် မြန်မာ့ရိုးရာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တွင် ကျင်းပစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တချို့လူတွေက ထောင်ကြောက်ရမယ်ဆိုတဲ့ တရားတွေ ဟောနေကြတယ်။ နားမယောင်ပါနဲ့၊ နားမထောင်ပါနဲ့။ အဲဒီလို ပြောခြင်းက ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကအစ အကုန်လုံးကို စော်ကားသလို ဖြစ်နေတယ်။ အဲဒီလို စကားတွေ လက်မခံပါနဲ့။ ထောင်ကို ရှောင်ရင် ရှောင်ပါ၊ ထောင်ကြောက်တဲ့ တရားကို ကိုယ်လည်း မဟောနဲ့၊ ကိုယ့်ကို ပြောရင်လည်း လက်မခံပါနဲ့” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောပြသည်။
လက်ရှိတွင် မြန်မာပြည်ရှိ ပညာသင်ရေး၊ သက်မွေးဝမ်းကြောင်း၊ လုပ်ငန်းကိုင်ငန်း၊ လယ်ထွန်စိုက်ပျိုးရေး အပါအဝင် နယ်ပယ်စုံတွင် ထောင်နံရံများကဲ့သို့ ပိုင်းခြားခံထားရသဖြင့် တပြည်လုံး အကျဉ်းကျနေကြောင်း အန်အယ်ဒီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်က ပြောသည်။
သက်ကြီးပူဇော်ပွဲသို့ အကျဉ်းကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ဗကသ ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းနှင့် အန်အယ်ဒီ ပါတီဝင်များ၏ မိသားစုဝင်များအပြင် လက်ရှိ တက္ကသိုလ် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့သည်။
ဦးဝင်းတင်သည် ၁၉ နှစ်ကျော် အကျဉ်းကျခံရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။ သို့သော် ထောင်ပြင်ပတွင်လည်း လွတ်မြောက်ခြင်း မရှိသည့် အထိမ်းအမှတ်အဖြစ် ထောင်အင်္ကျီအရောင်ဖြစ်သည့် အပြာရောင်အင်္ကျီကိုပင် တစိုက်မတ်မတ် ဝတ်ဆင်လာခဲ့သည်။
ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဦးဝင်းတင်က ''အခုလို အချင်းချင်းပေါင်းစည်းပြီး စည်းရုံးညီညွတ်မှု၊ သွေးစည်းညီညွတ်မှု ပိုမိုကောင်းမွန်လာတဲ့အပြင်၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်တဲ့ ကန်တော့ပွဲဖြစ်သလို၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဂါရဝပြုတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၇၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP (B) အရ သိရသည်။
ယနေ့ ကျင်းပသည့် ဂါရဝပြု ပူဇော်ပွဲတွင် ဆရာကြီးက လွတ်လပ်သော အာရှအသံ RFA တွင် ထုတ်လွှင့်သည့် စာရေးဆရာမ နှင်းပန်းအိမ်၏ 'အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်' ဆောင်းပါးကို ရည်ညွှန်းကာ မြန်မာပြည်သည် သူရဲကောင်းတို့ တိုင်းပြည်ဖြစ်ကြောင်း ပြောသွားသည်။
ထို့အပြင် ဗကသ ခေါင်းဆောင်ဟောင်းနှင့် အကျဉ်းသားဟောင်း ကိုအောင်ဒင် ရေးခဲ့သလို 'သူရဲကောင်းတို့ရဲ့ ခြေအစုံကနေ မြူတမှုန် ကျန်ရစ်ရင်တောင် အောင်မြေဖြစ်တယ်' ဆိုသကဲ့သို့ နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် အကျဉ်းကျခံ ဘဝကို စိတ်ဓာတ်မကျဘဲ ရပ်တည်ချက် အခိုင်အမာဖြင့် ဆက်လက်လုပ်ကိုင်ရန် တိုက်တွန်းသွားသည်။