နယူးဒေလီ။ ။ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ မခေါ်နိုင်သေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့တွင် အထူးကြေညာချက် ထုတ်ပြန်ကာ ပြောကြားလိုက်သည်။
မြို့နယ်အချို့ရှိ အန်အယ်ဒီ စည်းရုံးရေးအဖွဲ့များက နိုင်ငံလုံးကျွတ် ညီလာခံခေါ်ရန် တောင်းဆိုမှုများ ပေါ်ထွက်လာပြီးနောက် ဗဟိုအလုပ် အမှုဆောင်အဖွဲ့သည် ယခုလ ၁၉ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက ''ညီလာခံဆိုတာက အထူးအစည်းအဝေး မဟုတ်ပါဘူး။ ပြည်လုံးကျွတ် ညီလာခံဆိုတာ ရပ်ကွက်၊ ကျေးရွာကစပြီး ခေါ်ရပါတယ်။ အဲဒါပြီးရင် မြို့နယ် ခေါ်ရပါတယ်။ မြို့နယ်ပြီးရင် တိုင်းနဲ့ ပြည်နယ် ခေါ်ရပါတယ်'' ဟု မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး ''အဲလို ညီလာခံခေါ်ပြီး ရွေးချယ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ကိုယ်စားလှယ်တွေနဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ဗဟိုမှာ လာပြီး တော့ ကျင်းပရတာ ဖြစ်ပါတယ်။ အဲဒီတော့ မြို့နယ်တွေမှာ စည်းရုံးရေးတောင်မှ ဆင်းလို့မရတာ၊ ပြည်လုံးကျွတ် ညီလာခံကြီး ခေါ်ပေးဖို့ ဆိုတာက ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ကိစ္စပါ။ မြို့နယ်ရုံး၊ တိုင်းရုံးတွေ အကုန်ပိတ်ထားရပြီးတော့ ဗဟိုရုံးချုပ်တခုပဲ ဖွင့်ထားရတဲ့ နိုင်ငံရေးပါတီတခုမှာ ညီလာခံ ခေါ်ပေးပါ ဆိုတာက လုပ်ငန်းသဘောအရ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရလည်း ဖြစ်နိုင်ချေမရှိပါဘူး'' ဟု ပြောသည်။
ကြေညာချက်ထဲတွင် ပါတီခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိသေးသည့်အပြင်၊ ၎င်းတို့ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ခေါ်ယူကျင်းပနိုင်သော အနေအထားတွင် မရှိကြောင်း ဆိုထား သည်။
ထို့အပြင် ပါတီသည် ဖွဲ့စည်းစဉ်မှစ၍ ညီလာခံခေါ်ယူရေး ကြိုးပမ်းခဲ့သော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ဖိနှိပ်မှုများအကြား၌ ခေါ်ယူကျင်းပ နိုင်ခြင်း မရှိကြောင်းနှင့် မြို့နယ်၊ ပြည်နယ်၊ တိုင်း စည်းအဖွဲ့များမှ ညီလာခံကိုယ်စားလှယ်များကို မည်သို့မျှ ရွေးချယ်နိုင်သည့် အခြေအနေမပေး သကဲ့သို့၊ ယခုလည်း ဌာနချုပ် ရုံးခန်းမှတပါး အခြားအဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးခန်းများ တားဆီးပိတ်ပင်ခံနေရသဖြင့် စည်းအဖွဲ့လုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရေးသားထားသည်။
မြို့နယ်စည်းအဖွဲ့ တာဝန်ရှိသူအချို့ကမူ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အင်အားတောင့်တင်းရေး ပြုပြင်ပြောင်းလဲရန် လိုအပ် နေသဖြင့် နိုင်ငံလုံးကျွတ် ညီလာခံ ခေါ်ယူပေးစေလိုကြောင်း မကြာသေးခင်က တောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုချက်နှင့် ပတ်သက်၍လည်း ပါတီဗဟို၏ ယနေ့ထုတ် ကြေညာချက်တွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိပါကြောင်း ဖြေကြားထားသည်။
ထို့ကြောင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံခွင့် ရသည့်အခါတွင် ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်မည်ဟုလည်းကောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာသည့်အခါတွင် လိုအပ်သလို ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်မည်ဟု လည်းကောင်း ဆက်လက် ရေးသားထားသည်။
အန်အယ်ဒီသည် တိုင်းနှင့် ပြည်နယ် ပါတီကိုယ်စားလှယ်များဖြင့် မျက်နှာစုံညီ အစည်းအဝေးတရပ်ကို ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် ရန်ကုန် ရုံးချုပ်တွင် ကျင်းပကာ နိုင်ငံရေး ရပ်တည်ချက်အရ အရေးပါသည့် ရွှေဂုံတိုင် အမည်ရ ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။
စာတမ်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။