ယခုရာသီချိန်တွင် တောင်သူများ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်ချုပ်နယ်မြေ ဖာပွန်ဒေသတွင် ဝင်ရောက်လှုပ်ရှားနေသော နအဖတပ်များက ယခုရက်ပိုင်းအတွင်း ဒေသခံ ရွာသူရွာသားများ၏ တောင်ယာများကို လိုက်လှန်ဖျက်ဆီးခဲ့ရာ တောင်ယာ (၅)ခင်း ပျက်ဆီးသွားသည်ဟု ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။
အောက်တိုဘာ ၁၄ရက်နေ့မှစ၍ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးနယ်ရှိ ဘောလေးဒဲကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားနေသော နအဖ တပ်များက ဒေသခံရွာသူရွာသားများ၏ တောင်ယာခင်းများကို လိုက်ဖျက်ဆီးခြင်းဖြစ်သည်ဟု ဖာပွန်နယ်ခံ စောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။
“ဒီတပ်ဖွဲ့တွေဟာ မုံးမြို့နယ်မှနေပြီးတော့ လူသောမြို့နယ်ထဲမှာ ဝင်လာတာ။ နအဖ ဘယ်တပ်ရင်းလဲဆိုတာ ကျနော်လည်း အတိအကျမသိ သေးဘူး။ အဲဒီမှာ ရောက်လာတော့ ရွာသူရွာသားတွေ လုပ်ကိုင်စားသောက်ကြတဲ့ နေရာတွေကို လိုက်ဖျက်ဆီးတာ။ အဲဒီမှာ အများအားဖြင့် တောင်ယာတွေကိုပဲ လုပ်ကြတာကိုး။ တောင်ယာထဲက စပါးပင်တွေ သေကျေပျက်ဆီးအောင် သစ်ကိုင်း၊ ဝါးချောင်းတုတ်တွေနဲ့ ရိုက်ချိုးပစ်တာ။ အခုလည်း လုပ်ဆောင်နေတုန်းပဲ”ဟု ပြောသည်။
အဆိုပါ ဘောလေးဒဲဒေသတွင် စုစည်းနေထိုင်ကြသည့် ရွာသူရွာသား (၆၀၀)ခန့်သည် ၁၉၉၇ ခုနှစ်က နအဖတပ်များ ဖာပွန်ဒေသအတွင်းမှာ စတင်ဝင်ရောက်ချိန်မှစ၍ အိုးမဲ့အိမ်မဲ့အဖြစ် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်ကြသည့် ရွာပုန်းရွာရှောင််များဖြစ်ကြပြီး ယခုတဖန် နအဖတပ်များ ထပ်မံဝင်ရောက် လှုပ်ရှားလာသည့်အတွက် အခြားနေရာသစ်တခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်ကြရကာ အလုပ်အကိုင်များကို ချန်ထားခဲ့ရသည်ဟု ထိုဒေသခံက ဆိုသည်။
နအဖ တပ်များသည် ၎င်းတို့ ဝင်ရောက်လှုပ်ရှားခဲ့သော ဒေသများတွင်ရှိ ဒေသခံများ၏ အိုးအိမ်းများ၊ စပါးကျီများ၊ ခြံ၊ တောင်ယာများအား မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်များကို ရာသီအလိုက် နှစ်စဉ် လုပ်ဆောင်နေခြင်းကြောင့် ထွက်ပြေးပုန်းရှောင်နေကြရသော ရွာသူရွာသားအတွက် စားသုံးရန် ဆန်စပါး မလုံလောက်သည့် ပြသနာများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ဖာပွန်ခရိုင်ရှိ လူသောမြို့နယ်တွင် ၂၀၀၆ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နအဖ တပ်များ၏ စစ်ရေးလှုပ်ရှားမှုကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ရွှေ့ပြောင်းပုန်းရှောင်နေထိုင်ကြရသည့် ရွာသူရွာသားပေါင်း (၅,၀၀၀)ရှိပြီး ရွာသူရွာသားများ၏ လယ်ယာခင်းပေါင်း(၂၀၀)နှင့် တောင်ယာခင်းပေါင်း (၅၀၀)ကိုလည်း အဆိုပါ နအဖ တပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ၊ လူသောမြို့နယ်၏ မှတ်တမ်းများအရ သိရှိရသည်။