ဖမ်းဆီးခံ ရခိုင်လူငယ်များ အတွက် စစ်တွေတွင် ဆုတောင်းပွဲ ပြုလုပ်

ဖမ်းဆီးခံ ရခိုင်လူငယ်များ အတွက် စစ်တွေတွင် ဆုတောင်းပွဲ ပြုလုပ်
by -
ဇော်ကြီး
ဖမ်းဆီးခံ ရခိုင်လူငယ် ၂၀ ကျော် အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် သူတို့ ကျန်းမာရေး ကောင်းမွန် စေရန်အတွက် သူတို့နှင့် နီးစပ်သူများ၊ မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်များက ဆုတောင်းပွဲများ ကျင်းပ ...

(ပေါက်တော) ဖမ်းဆီးခံ ရခိုင်လူငယ် ၂၀ ကျော် အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် သူတို့ ကျန်းမာရေး ကောင်းမွန် စေရန်အတွက် သူတို့နှင့် နီးစပ်သူများ၊ မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်များက ဆုတောင်းပွဲများ ကျင်းပ ပြုလုပ် နေကြသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံ ရခိုင်လူငယ်များနှင့် ပတ်သက်ပြီး တချို့မှာ သေဆုံးသွားပြီး၊ တချို့မှာ ဆေးရုံ တင်ထားရသည် ဆိုသည့် ကောလဟလ သတင်း အမျိုးမျိုး ပျံ့နှံ့နေသဖြင့် သူတို့အား ခင်မင်ရင်းနှီးသူများနှင့် လုပ်ဖေါ်ကိုင်ဘက်များက က ယခုကဲ့သို့ ဆုတောင်းပွဲများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ရခိုင်လူငယ်များအား ယခုအချိန်ထိ သူတို့အား မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်။ မည်သည့် အကြောင်း အရာကြောင့် ချုပ်ထားသည်ကို ၎င်းတို့၏ မိသားစုဝင်များက သဲသဲကွဲကွဲ မသိရှိရသေးသဖြင့် အထူး စိုးရိမ်နေကြခြင်း ဖြစ်သည်။

၎င်းပြင် တွေ့ဆုံခွင့်ရရှိရေး အတွက် ကြိုးစားသူ မိသားစုဝင်များကိုလည်း အာဏာပိုင်များ၏ ဟန့်တား နှောင့်ယှက်ခြင်းများ ရှိနေသည်ဟု စစ်တွေမှ ရခိုင် လူငယ်တဦးဖြစ်သူ မောင်ဇော်အောင်လင်းမှ ပြောသည်။

“ သူတို့ကို မိသားစုတွေက အခုအချိန်ထိ တွေ့ခွင့်မရသေးဘူး။ တွေ့ခွင့်တောင်းရင်လည်း အမျိုးမျိုး ဟန့်တား နှောင့်ယှက်တာတွေ ရှိနေတယ်။ အခုဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ရခိုင်အမျိုးသားရေးကို တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်ပါတယ်။ လက်နက်တွေ ဖေါက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးရမိတယ်ဆိုတာဟာ မြန်မာ နအဖ စစ်အစိုးရက တမင်သက်သက် လုပ်ကြံတာဖြစ်ပြီးတော့ တိုင်းရင်းသားအရေး လုပ်ကိုင်နေသူများကို တမင်နှိမ်နှင်းချင်လို့ ယခုလို အကြောင်းပြ ဖမ်းဆီးနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

စစ်တွေ ဓညဝတီ ရပ်ကွက်မှ နိုင်စိုး (ခ) မဲလုံးမှာ နေပြည်တော် စစ်ကြောရေးစခန်းတွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးသွားပြီဟု စစ်တွေတွင် သတင်းပျံ့နှံ့နေသဖြင့် သူု့အတွက် လူအများက စိုးရိမ်နေကြသည်။

“ အခု ကိုမဲလုံး သေဆုံးတယ်ဆိုပြီး သတင်း ဖြစ်နေတဲ့ အတွက် သူအတွက်ရော ကျန်ဖမ်းဆီး ခံထားရတဲ့ လူငယ်အတွက်ရော အသက်ဘေးက လွတ်မြှောက်စေဖို့ မိသားစုတွေ၊ ရင်းနှီးသူတွေနဲ့ လုပ်ဖေါ်ကိုင်ဘက်တွေက ဘုရားကြီး၊ အေးစေတီနှင့် ရဲကျော်သူဘုရားတို့မှာ စုဆုံပြီး လွန်ခဲ့သောတနင်္ဂနွေနေ့က ဆုတောင်းပွဲတွေ ပြုလုပ် ကျင်းပခဲ့ကြပါတယ်” ဟု သူက ပြောသည်။

ဆုတောင်းပွဲတွင် ပါ၀င်ခဲ့သူ တခြားလူငယ် တဦးကလည်း “ ခုလို ဖမ်းဆီးပြီးတဲ့နောက် သူတို့ကို ရက်ပေါင်းများစွာ ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်မယ်ဆိုတာကို ဘယ်သူမှ ပြောစရာမလိုဘဲ ရခိုင် လူထုတွေ သဘောပေါက်နေကြပါတယ်။ သူတို့တွေဟာ ရခိုင် လူငယ်တွေ ဖြစ်ကြတဲ့ အတွက် ပိုပြီး ညှှုဉ်းပမ်းနှိပ်ကွပ် ခံရမယ် ဆိုတာကို လူတိုင်း သိနေကြပါတယ်။ လူမျိုးချင်း အတူတူ ဗမာ အမျိုးသားတွေ ကိ်ုတောင် နှိပ်စက်တယ်ဆိုတော့ လူမျိုးရေးအရ အထူး အမုန်းပွားနေတဲ့ နအဖ စစ်အာဏာပိုင်တွေ အနေနဲ့ ရခိုင် လူငယ်တွေကို ပိုပြီး ရက်ရက်စက်စက် ညှဉ်းပမ်း နှိပ်စက်မယ် ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ခုဆိုရင် စစ်ကြောရေး စခန်းမှာ ကိုမဲလုံးဆုံးသွားပြီလို့ သိရတယ်။ သူ့အတွက် ဂုဏ်ယူသလို ကျန်တဲ့ လူတွေ အသက်ဘေးက လွှတ်မြှောက်ဖို့ အတွက် ကျနော်တို့ ဆုတောင်းပါတယ် - သူတို့ ကျန်းမာကြပါစေ” ဟု ပြောသည်။

စစ်တွေတွင် တင်းကျပ်ထားသော လုံခြံုရေးအခြေအနေကြောင့် ဆုတောင်းပွဲအား လူအများကြီးစုပြီး မလုပ်နိုင်ခဲ့သော်လည်း ၉-၁၀ ယောက် အုပ်စုများ ဖွဲ့ပြီး ဘုရားကြီး၊ အေးစေတီနှင့် ရဲကျော်သူဘုရားတို့တွင် ဆုတောင်းခဲ့ကြသည်။

ယခုလ ၁၅ ရက်နေ့ကလည်း မြဝတီမြို့တွင် ဖမ်းဆီးခံခဲ့ရသော ရခိုင်လူငယ် ၂ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် တံခါးပိတ် စစ်ဆေးခဲ့သည်ဟု သိရသည်။

လက်ရှိ် ရခိုင်ပြည် အတွင်း လုံခြံုရေကို ဆက်လက် တင်းကြပ်ထားပြီး နိုင်ငံရေးနှင့် ဆက်စက်မူ ရှိသူ လူငယ်အများစု အနေဖြင့် ဒေသခံ စရဖ အရာရှိများက ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းကို ခံနေကြရသည်။ ၎င်းအပြင် ရန်ကုန်ရောက် ရခိုင်လူငယ်များကိုလည်း နအဖ စစ်ထောက်လှမ်းရေးမှ အနီးကပ်စောင့် ကြည့်နေသည်။

လွန်ခဲ့သော စက်တင်္ဘာလဆန်းပိုင်းမှ စပြီး ရခိုင်လူငယ် ၂၀ ကျော်ကို ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ဗုံးဖေါက်ခွဲရန် အတွက် စီစဉ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ အများစု လူငယ်များမှာ ယခုအချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့်မရသေးဘဲ ရှိနေသည်ဟု သိရသည်။

Most read this week