နေပြည်တော်မှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှု တားမြစ်

နေပြည်တော်မှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှု တားမြစ်
by -
မြင့်မောင်
ကြွပ်ကြွပ်အိတ် သုံးစွဲမှု ရပ်တန့်ရေးအတွက် စစ်အစိုးရရုံးစိုက်ရာ မြို့တော်သစ် နေပြည်တော်၌ စည်ပင်သာယာက စျေးများတွင် ကြွပ်ကြွပ်အိတ် လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်နေ ...

နယူးဒေလီ (မဇ္စျိမ)။      ။ ကြွပ်ကြွပ်အိတ် သုံးစွဲမှု ရပ်တန့်ရေးအတွက် စစ်အစိုးရရုံးစိုက်ရာ မြို့တော်သစ် နေပြည်တော်၌ စည်ပင်သာယာက စျေးများတွင် ကြွပ်ကြွပ်အိတ် လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်နေသည်။

ဤသည်မှာ ပြီးခဲ့သည့် ဇွန်လအတွင်းက မန္တလေးမြို့၌ ကြွပ်ကြွပ်အိတ် ကင်းရှင်းရေး လှုပ်ရှားမှုနောက်ပိုင်း မြို့တော်သစ် ကြပ်ပြေး နေပြည်တော်၌ပါ ယခုလ ၆ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

“မန္တလေးတိုင်း လုပ်ဆောင်ခဲ့တဲ့အပေါ် ဆက်လက် ဆောင်ရွက်တာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းရပ်အနေနဲ့ လုပ်တာပါ။ ကျနော်တို့ လုပ်ဆောင်နေတာက စျေးတွေမှာပဲ အဓိက လုပ်ဆောင်နေပါတယ်။ စျေးတွေမှာတော့ ၂ ပတ်တိတိ ကြိုတင် ကြေညာပါတယ်။ စာတွေ ထုတ်တယ်၊ စာတွေ ကပ်တယ်” ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

မြန်မာပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် သစ်တောရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ FREDA ၏ အကြံပြု တိုက်တွန်းချက်အရ မန္တလေးမြို့တော် စည်ပင်သာယာက ဇွန်လ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ နောက်ဆုံးထား သုံးစွဲရန် ကြေညာခဲ့ပြီး၊ နေပြည်တော်တွင် ပြီးခဲ့သည့်လ  ၂၂ ရက်နေ့မှ ယခုလ ၅ ရက်နေ့အထိ နောက်ဆုံးထားရန် ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ရပ်တန့်ရန် ဒုတိယမြောက်အဖြစ် ခြေလှမ်းဖြစ်သည်။

နေပြည်တော် စည်ပင်တာဝန်ရှိသူက “ကြေညာစဉ် ကာလတုန်းကစပြီး ဒါတွေကို မရောင်းပါနဲ့၊ မသုံးစွဲပါနဲ့ဆိုတာ ထည့်ပြီး ကြေညာထားတယ်။ သတ်မှတ်ရက်ကျော်ရင် သိမ်းဆည်းမယ်။ ဖမ်းဆီးတာမျိုး၊ ဒဏ်ရိုက်တာမျိုးတွေ မလုပ်ပါဘူး။ အသားငါးတွေအတွက် ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်တွေနဲ့ အစားထိုး သုံးစွဲဖို့ ညွှန်ကြားတယ်” ဟု ပြောသည်။

ယခုလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကြွပ်ကြွပ်အိတ် ၈၃ ပိဿာကျော် သိမ်းဆည်းနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် တပတ်အတွင်း ၁၉ ပိဿာခန့် လာရောက်အပ်နှံမှုလည်း ရှိကြောင်းနှင့် ကြွပ်ကြွပ်အိတ် အစားထိုးသုံးစွဲသည့် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်များ လာရောက်ရောင်းချသည့် စျေးသည်များကို စျေးကောက် ကင်းလွတ်ရန် ညွှန်ကြားထားသလို၊ မန္တလေးမှ လုပ်ငန်းရှင်များနှင့် ဆက်သွယ်၍ ပလပ်စတစ်အပါးကို အောက်ခံထားပြီး အပေါ်တွင် အဝတ်ဖြင့် ဖုံးချုပ်သော အိတ်များလည်း မှာယူထားကြောင်း သိရသည်။

ကြွပ်ကြွပ်အိတ်များသည် မြေထဲတွင် ကာလအတန်ကြာ မြေသြဇာမဖြစ်ဘဲ ရပ်တည်ရှိနေခြင်း၊ တိရစ္ဆာန်များက စားသုံးလျှင်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ မိုးတွင်းကာလတွင် ရေမြောင်းများ ပိတ်ဆို့ရေလျှံနိုင်သည့်အပြင် လူသွားလမ်းများ ပျက်စီးစေသဖြင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်ဟု FREDA က ပြောဆိုခဲ့သည်။

ထို့အပြင် ကြွပ်ကြွပ်အိတ်သည် အခြားသော ပလတ်စတစ် အပျော့စားများကဲ့သို့ Recycle ခေါ် ပြန်လည် အသုံးပြုနိုင်စေရန် ပြောင်းလဲ၍ မရပါ။

ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သော မန္တလေးတွင် ယနေ့အထိ ကြွပ်ကြွပ်အိတ် သုံးစွဲမှုများ ရှိနေသေးကြောင်း မန္တလေးမြို့ခံတဦးက ပြောသည်။

Most read this week