ဒါကာ (မဇ္ဈိ်မ)။ ။ ရခို်င်ပြည်နယ် စစ်တွေနှင့် အမ်းမြို့ ရထားလမ်း ဖောက်လုပ်နေသဖြင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၉၂ စုထံမှ တစုလျှင် သစ် ၅ တန်စီ ပေးသွင်းရန် ဒေသတွင်း စစ်တပ်က အမိန့်ထုတ်ပြန်ထားသည်။
စစ်တွေမြို့ ဒေသစစ်ဆင်ရေးကွပ်ကဲမှု ဌာချုပ်မှူး အမိန့်ဖြင့် ရသေ့တောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ - ၅၅၀ မှ ဗိုလ်မှူးဋ္ဌေးဝင်းက ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် ကျေးရွာအုပ်စုများထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ရသေ့တောင် မြို့နယ်အတွင်းမှ ပန်းနီလာ၊ ရွှေတလား၊ ယိုးတရုတ်၊ နတ်ချောင်း၊ မင်းဂံနှင့် ကျွဲထိုး အပါအဝင် ကျေးရွာအုပ်စု ၉၂ စုကို တအုပ်စုလျှင် ကညင်၊ ပိတောက် အပါအဝင် သစ်မာမျိုးများကို ၅ တန်ကျစီဖြင့် ယခုလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်တပ်သတင်း ရပ်ကွက်တခုက ဆိုသည်။
ထိုသို့ ပေးသွင်းရမည် ဖြစ်သဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အာဏာပိုင်များကလည်း ရွာသားများထံမှ တအိမ်လျှင် ကျပ် ၅၀၀ စီ ဆင့်ကဲကောက်ခံကာ၊ ရရှိသော ငွေများဖြင့် သစ်များ ဝယ်ယူ၍ စစ်တပ်သို့ ပြန်လည် ပေးသွင်းရမည် ဖြစ်ကြောင်း ကျေးရွာတရွာမှ ကောင်စီ ဥက္ကဋ္ဌက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျွန်းသစ် တတန်လျှင် ကျပ် ၁၀ သိန်း၊ ပျဉ်းကတိုး ၂ သိန်း ၈ သောင်းနှင့် သစ်မာ အမျိုးအစား ဖြစ်သော ပိတောက်၊ ကညင်သစ် အနေဖြင့် ကျပ် ၉ သောင်းမှ ၁ သိန်း ၈ သောင်းအထိ ပေါက်စျေးရှိနေသည်။
မကြာသေးခင်က စတင်ဖောက်လုပ်သည့် စစ်တွေနှင့် အမ်း ရထားလမ်း အရှည်သည် မိုင် ၁၄၀ ရှိမည်ဖြစ်ကာ၊ အမ်းမှ မကွေးတိုင်း မင်းဘူးမြို့သို့ မိုင် ၁၂၀ ရှည်လျားမည့် ရထားလမ်းကိုပါ ဆက်လက် ဖောက်လုပ်သွားမည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ပထမဆုံး ဖောက်လုပ်သော ၁၂ မိုင်အရှည်ရှိ စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ်ခဲ့ရာ၊ မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်။
စစ်တွေ-အမ်း-မင်းဘူးကို ဆက်သွယ် ဖောက်လုပ်သွားမည့် ရထားလမ်းသည် ဒေသတွင်းနေ ပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး လွယ်ကူစွာ သွားလာစေရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဖောက်လုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရထားလမ်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ရထားလမ်းသည် ဖွင့်လှစ်ပြီး တလခန့် အကြာတွင် မိုးရေတိုက်စားသဖြင့် ပျက်စီးသွားကာ ရထားသွားလာမှု ခေတ္တ ရပ်ဆိုင်းခဲ့ရသည်။