မဇ္ဈိမ (ချင်းမိုင်) ။ ။ ကချင်အမျိုးသား တိုးတက်ရေးနှင့် လုံခြံုရေးတပ်မတော် - ကေဒီအေ အဖွဲ့ ဥက္ကဌ ဦးမထုနော်သည် ကိုယ်တခြမ်းသေကာ စကားပြောဆို၍ မရသဖြင့် မန္တလေးဆေးရုံတခုတွင် ဆေးကုသခံနေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးမြို့ အခြေစိုက် ကေဒီအေ ဥက္ကဌ ဦးမထုနော် (၆၀ နှစ်ကျော်) သည် ယခုလဆန်းမှစ၍ လားရှိူးမြို့ဆေးရုံ၌ ကုသနေရာမှ မန္တလေးမြို့သို့ ပြောင်းရွှေ့ကုသနေခြင်း ဖြစ်သည်။
“ဦးမထုနော်က ကိုယ်တခြမ်းသေတာ။ စကားပြောလို့ မရတော့ဘူးလို့ ကေအိုင်အို အစည်းအဝေးတခုမှာ ပြောကြတာဘဲ။ မန္တလေးမှာ ဆေးကုနေတယ်။ သူက စိုးရိမ်ရတာပေါ့နော်။ နောက်ဥက္ကဌတောင် တခြားတယောက် ပြန်ခန့်မယ် ပြောတာ။ ခုထိတော့ မပြောင်းသေးဘူး” ဟု ကေအိုင်အိုအရာရှိ တဦး က မဇ္စျိမကို ပြောသည်။
ဦးမထုနော် ဦးဆောင်သည့် ကေဒီအေ သည် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် BGF အား ပြီးခဲ့သည့် ဇွန်လအတွင်း၌ လက်ခံခဲ့သည်။
ယခင်က ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) ၏ တပ်မဟာ (၄) ဖြစ်သော ကေဒီအေ သည် ၁၉၉၀ ခုနှစ်တွင် ကေအိုင်အေ မှ ခွဲထွက်ကာ ၁၉၉၁ ခု၊ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်ဆဲခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၅) ဖြစ်လာသည်။ လက်ရှိ စစ်အင်အား ၁၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
အလားတူ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့-ကေအိုင်အို ဥက္ကဌ ဦးလရော့ဇောင်းခရာသည်လည်း ကျန်းမာရေး စစ်ဆေးရန် မန္တလေးမြို့သို့ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်က ရောက်ရှိနေကြောင်း ရန်ကုန်မြို့မှ ကေအိုင်အို အရာရှိတဦးက ပြောသည်။