ကရင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အကြား ပဋိပက္ခဖြစ်မှု၊ ဗုံပေါက်ကွဲမှုနှင့် စစ်အစိုးရမှ လုံခြံုရေး တင်းကြပ်ထားမှုတို့ကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသ ကရင်ပြည်နယ်သို့ ရေလမ်းခရီးသွား အရေအတွက် လျော့နည်းသွားသည်ဟု ပြည်တွင်းနှင့် နယ်စပ်အတွင်း ကုန်းကူးသန်းရောင်းဝယ်နေသူတို့က ဆိုပါသည်။
ကရင်အမျိုးသားအစည်းအရုံး၊ ဟောင်သရောအဖွဲ့နှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် ပဋိပက္ခအကြား၊ ဘုရားသုံးဆူမြို့အတွင်း ဗုံပေါက်ကွဲမှုများကြောင့် မြန်မာအာဏာပိုင်တို့မှ လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် လွတ်လပ်စွာ ခရီးမသွားနိုင်ခြင်းကြောင့် ဇူလိုင်လမှစတင်၍ ခရီးသည်များ လျော့နည်းလာခဲ့သည်ဟု ကုန်သည်များနှင့် ဇမိမြစ်တွင် ပြေးဆွဲနေသည် လှေသမားတို့က ပြောသည်။
လှေတစ်စင်းလျှင် ခရီးသည် ၃၀ ဦးကျော်တင်နိုင်သော်လည်း ယခု တစ်စင်းလျှင် ၁၀ ဦးတောင် အနိုင်နိုင်ရနေကြောင်း၊ ယခင်လများတွင် တစ်နေ့လျှင် လှေ နှစ် စင်း၊ သုံးစင်း ထွက်ခဲ့ရာမှ ယခုတွင် တစ်စင်းမျှသာ ထွက်နိုင်သည်ဟု လှေဂိတ်နှင့် လှေသမားတို့က ပြောသည်။
“ဒီရာသီတွေမှာ ခရီးသည်တွေ ပါးတာက တစ်နေ့ကို လှေ ၂-၃ စင်းလောက် ပုံမှန်ထွက်နိုင်တယ်။ ဒါပေမယ့် အခုလို့ ခရီးသည်တွေနည်းတာမျိုးလောက်တော့ မဖြစ်ခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ချောင်းဆုံးကျေးရွာဂိတ်မှူးတစ်ဦး၏အဆိုအရ “ပုံမှန်ဆိုရင် ၁၃၀၀၀ ကျပ် လှေသမားတွေက ဂိတ်မှာ ပိုက်ဆံပေးရတယ်။ အခုဆိုရင် အဲဒီလောက်ယူလို့မရတော့ဘူး။ ခရီးသည်တွေနည်းတော့ လှေသမားတွေလည်း မပေးနိုင်ဆိုတော့ နားလည်မှုနဲ့ ၄၀၀၀ ကျပ် လောက်ပဲယူနေရတယ်” ဟု ပြောသည်။
လှေသမားများသည် ဂိတ်မှ သတ်မှတ်ထားသည့်အချိန်တွင် ခရီးသည်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဂိတ်မှ ထွက်ခွာရသည့်အတွက် ဂိတ်မှသတ်မှတ်ထားသည့် ဂိတ်ကြေးကိုလည်း အပြည့်မသွင်းနိုင်ပေ။
၄င်းကဲ့သို့ ဖြစ်ရခြင်းမှာ “ကရင်လက်နက်ကိုင်ပဋိပက္ခနဲ့ ဗုံပေါက်ကွဲတာတွေ ဖြစ်နေတာကြောင့် သွားရလာရတာ လွတ်လပ်မှုမရှိဘူးလေ” ဟု ဆီအမျိုးမျိုး ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်ကြီးတစ်ဦးက ဆိုသည်။
ဇမိမြစ်အနီးတဝိုက်အနီးအနားဒေသရှိ ခြံရှင်တို့က “ကြောက်ရတယ်လို့ ပြောနေကြပြီးတော့ ဘာမှလည်း မဖြစ်သေးပါလား။ တကယ်လို့ ကြောက်ရတယ်ဆိုရင်လည်း ဆိုင်ကယ်ရှိတယ်လေ၊ ဆိုင်ကယ်စီးပြီး ပြေးပေါ့” ဟု ဆိုပါသည်။
ခရီးသည်များထဲတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်ခြင်းသည့် အလုပ်သမားများလည်း အနည်းငယ်သာရှိသည်ဟု သုံဆူးမှ ကယ်ရီတစ်ဦးက ပြောသည်။
“အထဲမှာရှိတဲ့အာဏာပိုင်တွေက လူမှောင်ခိုနဲ့ ကယ်ရီသမားတွေကို တင်းကြပ်နေပြီး ဖမ်းဆီးမယ်လုပ်နေတော့ ထိုင်းကိုသွားမယ့်လူတွေလည်း ဒီကို မတက်လာရဲဘူးလေ” ဟု ၄င်းကယ်ရီက ပြောသည်။
ယခုကဲ့သို့ ခရီးသည်များ၊ လှေသမားများတို့၏ သွားလာမှု နည်းပါးလားမှုကြောင့် ဂိတ်သမားများလည်း ဂိတ်ကြေးကောက်ခံရေးအတွက် အဆင်မပြေကြောင်း ချောင်းဆုံးဂိတ်မှူးတစ်ဦးက ဆိုပါသည်။
လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် သုံဆူးမြို့ရှိ ရဲစခန်းနှင့် စစ်တပ်ရင်းပရဝုဝ်အတွင်း ဗုံတစ်လုံးစီ ပေါက်ကွဲပြီးနောက် မြို့တွင်းနှင့် မြို့ဝင်ပေါက်ဂိတ်များကို ရဲနှင့်စစ်သားများ ကား၊ ဆိုင်ကယ်ဖြင့် လုံခြုံရေး ကင်းလှည့်နေခဲ့သည်ဟု ဒေသခံမျက်မြင်သက်သေတစ်ဦးက ပြောသည်။