နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေး ကုလသမဂ္ဂ လုံခြံုရေး ကောင်စီက ချမှတ် အရေးယူရေးအတွက် အရှေ့တီမောနိုင်ငံ သမတ ဒေါက်တာ ဂျို့စ်ရာမို့စ်ဟော်တာ Jose Ramos Horta က ယမန်နေ့က တောင်းဆိုလိုက်ပြီး အခြားသော နိုင်ငံများနှင့်အတူ ဤလှုပ်ရှားမှုတွင် ပါဝင်လာသည်။
စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက ထောင်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် သူတို့၏ အထူးတလည် လူမဆန်သော၊ ခေါင်းမာသော သဘောထားကို ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်သည်ဟု အရှေ့တီမော ဒီမိုကရက်တစ် သမတနိုင်ငံ သမတကြီးက ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။
''ဒီဆုံးဖြတ်ချက်အပေါ်မှာ ကျနော် အကြီးအကျယ် အံ့သြတုန်လှုပ်မိပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်'' ဟု မစ္စတာ ဟော်တာက ပြောသည်။
၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော သံဃာတော်များ၏ ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခြင်း၊ ဝမ်းနည်းဖွယ် နာဂစ် ဆိုင်ကလုံးမုန်တိုင်း၊ ဖွဲ့စည်းပုံဥပဒေအတွက် ဆန္ဒခံယူပွဲကျင်းပခြင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အရပ်သားများအပေါ် စစ်ရေးထိုးစစ်များ တိုးတက်ပြုလုပ်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး ပြစ်ဒဏ်များ ဆက်လက်ချမှတ်ခြင်း စသည်တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိတ်ပျက်ဖွယ် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားနှင့်ဆိုင်သည့် အကျပ်အတည်းများတို့၏ နမူနာများသာ ဖြစ်သည်ဟု ဒေါက်တာဟော်တာက ပြောသည်။
''ဒါကြောင့် ဒီပြဿနာ အပေါ်မှာ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးအနက် စဉ်းစားကြပါရန် အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမတအနေဖြင့် တောင်းဆိုပါသည်။ လုံးဝ အလုံးစုံပြည့်စုံသည့် မလုပ်မနေရ လက်နက်ရောင်းချမှု ပိတ်ပင်ရေး ဆုံးဖြတ်ချက်ကို ချမှတ် အရေးယူပေးပါရန်လည်း တောင်းဆိုပါသည်''
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် လူသားဆိုင်ရာ အခြေအနေများ ယိုယွင်း ပျက်စီးလာနေခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု သူက ပြောသည်။ ''ပြင်ပခြိမ်းခြောက်မှု မရှိဘဲ ဒီလက်နက်တွေကို ကိုယ့်ပြည်သူတွေ အပေါ်မှာပဲ ဖိနှိပ်ဖို့ သုံးနေတဲ့ စစ်အစိုးရကို လက်နက်တွေ ရောင်းချပေးဖို့ ဘယ်လို အကြောင်းအချက်မှ ရှာလို့မရပါဘူး'' ဟု သူက ဆက်ပြောသည်။
စစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ရေးလုပ်ရန် ကုလသမဂ္ဂ လုံခြံုရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်ရေး ကင်ပိန်း လှုပ်ရှားသူများက နို်င်ငံအသီသီးကို စည်းရုံး ဆော်သြမှုများ ပြုလုပ်နေစဉ်မှာပင် ဒေါက်တာဟော်တာ၏ ကြေညာချက် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ဤလှုပ်ရှားမှုအပေါ် ယခုအထိ အနည်းဆုံးနိုင်ငံ ၃၃ နိုင်ငံ၏ ထောက်ခံမှု ရရှိထားပြီးဖြစ်သည်ဟု Christian Solidarity Worldwide အဖွဲ့ကြီးမှ ဘင်နီဒစ်ရော်ဂျာ Benedict Roger ၏ အပြောအရ သိရသည်။ သို့သော် စစ်အစိုးရ၏ ရင်းနှီးသော မဟာမိတ်များလည်းဖြစ်၊ ဗီတို အာဏာပိုင်ရှင်များလည်း ဖြစ်သော တရုတ်နှင့် ရုရှနိုင်ငံတို့က ကုလလုံခြံုရေး ကောင်စီက အရေးယူမည့်အပေါ် ပိတ်ဆို့ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသည်။
''အကြီးဆုံး စိန်ခေါ်မှုက ဒီလက်နက် ပိတ်ဆို့မှုအပေါ် ဗီတို အာဏာမသုံးဖို့ တရုတ်နဲ့ ရုရှနိုင်ငံတို့ကို ဆွဲဆောင်စည်းရုံးရေးပဲ ဖြစ်ပါတယ်'' ဟု မစ္စတာ ရော်ဂျာက ပြောသည်။
စစ်အစိုးရအနေဖြင့် မိမိတို့ဘာသာ လက်နက်များ ဆက်လက် ထုတ်လုပ်နိုင်ဖွယ် ရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ လက်နက် ပိတ်ဆို့မှုကြောင့် နိုင်ငံခြားလုပ် လက်နက်များကို ရရှိနိုင်တော့မည် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းသို့လည်း စစ်အစိုးရ၏ တရားမဝင်မှုကို သတင်းစကားပါးနိုင်မှုသည် အရေးအပါဆုံး ဖြစ်လိမ့်မည်ဟု သူက ပြောသည်။
စစ်အစိုးရအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူရေး လှုပ်ရားမှုကို ယခုအထိ ထောက်ခံ အတည်ပြုထားသော နိုင်ငံများမှာ ဥရောပသမဂ္ဂနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျား၊ သြစတြီးယား၊ ဘယ်လ်ဂျီယမ်၊ ဘူလ်ဂေးရီးယား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂရိစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်းဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် အရှေ့တီမောနိုင်ငံတို့ ဖြစ်ကြသည်။