နယူးဒေလီ (မဇ္စျိမ)။ ။ ၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းမျိုးစုံ ပြသ ရောင်းချသွားမည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း UMFCCI က ဆိုသည်။
ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွမ်းရှီးကျွမ်းဒေသ (Guangxi Zhuang) မြို့တော် နန်နင်တွင် ယခုလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ရာ မြန်မာကုန်သည်များက ကျောက်မျက် ရတနာများ အပါအဝင် သစ်၊ ရေထွက်ပစ္စည်း၊ သနပ်ခါး အစရှိသည့် မြန်မာ့ထွက်ကုန် ပစ္စည်းမျိုးစုံကို ပြသရောင်းချသွားမည် ဖြစ်ကြောင်း UMFCCI က ပြောဆိုခြင်း ဖြစ်သည်။
“၁၆ ရက်နေ့သွားဖို့ စီစဉ်ထားပါတယ်။ မြန်မာ့ ထွက်ကုန်ပစ္စည်းစုံ ပါတယ်။ ဒီကုန်စည်ပြပွဲက တော်တော် ကြီးပါတယ်။ ကျမတို့က ကုန်သည်တွေ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လုပ်ပေးတာပါပဲ။ ကုန်ကျစရိတ်ကို ကုန်သည်တွေက သူတို့ဟာ သူတို့ပေးရတယ်” ဟု UMFCCI မှ ကုန်စည်ပြပွဲ တာဝန်ခံတဦးဖြစ်သူ ဒေါ်မေကြည်က မဇ္စျိမကို ပြောသည်။
ကုန်စည်ပြပွဲတွင် မြန်မာက ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။
UMFCCI ၏ ‘မြန်မာလိုင်စင်ရုံးခန်း’ တခုကို ပြပွဲကျင်းပမည့် နန်နင်တွင် ဆောက်လုပ်နေပြီး ပြပွဲတွင် ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း UMFCCI မှ အမှုဆောင်အရာရှိ ဦးစိုးရွှေက မဇ္စျိမကို ပြောသည်။
“တရုတ်ပြည်က နေရာပေးတယ်။ ရုံးဆောက်ပြီး၊ သုံးခွင့်ပေးတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့အဖွဲ့က ရုံးဝန်ထမ်းတချို့ သွားထိုင်ဖို့တော့ ရှိတယ်။ နောက်ပိုင်းတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။
မြန်မာလိုင်စင်ရုံး ဖွင့်လှစ်ရခြင်းသည် နှစ်နိုင်ငံ စီးပွားရေး လုပ်ဆောင်ရန်၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရန်နှင့် နှစ်စဉ် မြန်မာကုန်သည် များ သွားရောက် ပြသရောင်းချရာမှ ကျန်ရှိမည့် ကုန်ပစ္စည်းများ သိုလှောင်ရန်အတွက် အဆောက်အဦး လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
“လောလောဆယ် အဆက်အသွယ် ရတဲ့နေရာမှာ သွားဖွင့်တဲ့ သဘောပေါ့နော်။ ကျနော်တို့ ကုန်စည်ပြပွဲက အဲဒီမှာ နှစ်စဉ် လုပ်နေတာကိုး။ ကျနော်တို့ ကုန်ပစ္စည်းတွေ နှစ်စဉ်သွားပြတယ်။ တချို့ပြတဲ့ ပစ္စည်းတွေက နှစ်စဉ် မယူနိုင်တဲ့ အခါကျတော့ ရုံးတို့ဘာတို့မှာ ထားခဲ့ဖို့ လိုတာမျိုး ရှိတယ်” ဟု ဦးစိုးရွှေက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၄ ရက်ကြာ ပြုလုပ်ခဲ့ရာ၊ တရုတ်နှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်း အဖွဲ့ပေါင်း ၂၁၀၀ ကျော် ပြသခဲ့သည့်အနက် မြန်မာနိုင်ငံမှ ထွက်ကုန် ပစ္စည်းများ ပြသခဲ့ရာ ကျောက်စိမ်းဖြင့် ပြုလုပ်သည့် လက်ဝတ်ရတနာများ အရောင်းသွက်ခဲ့သည်။
တရုတ်နိုင်ငံ တရားဝင် ထုတ်ပြန်စာရင်းအရ ၂၀၀၈ ခုနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှ ရရှိငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာဘီလျံ ၂ ဒဿမ ၆၂၆ ရှိခဲ့ရာ၊ မြန်မာသို့တင်ပို့သည့် တရုတ်ပို့ကုန်မှာ ၁ ဒဿမ ၉၇၈ ဘီလျံဒေါ်လာရှိကြောင်း ယမန်နေ့ထုတ် ဆင်ဟွာအွန်လိုင်းသတင်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ကျင်းပသည့် ကုန်စည်ပြပွဲအတွင်း တရုတ်-အာဆီယံနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်ချုပ်ဆိုခဲ့ရာ စီးပွားရေးလုပ်ငန်း ၈၀ ကျော်ကို အပြန်အလှန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလျံရှိသည်။
ယခုနှစ် မေလကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၃၁ ဘီလျံရှိရာ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းမှ ဒေါ်လာ ၈၆၆ သန်း၊ လျှပ်စစ်ဓာတ်အားမှ ရရှိငွေ ဒေါ်လာ ၂၈၁ သန်းနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှ ဒေါ်လာ ၁၂၄ သန်း ရှိကြောင်း ဆင်ဟွာက ဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအပါအဝင် ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင် မြန်မာ့ထွက်ကုန်ပစ္စည်း များကို ခင်းကျင်းပြသ ရောင်းချလေ့ရှိသည်။
မနက်ဖြန်တွင် အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ် မြို့တော်ဂိုဟာသီးတွင် စတင်ကျင်းပမည့် အာသံ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရန် ပြပွဲစီစဉ်သူများက ဖိတ်ကြားခဲ့သော်လည်း ယနေ့ထိတိုင် သွားမည့်ကုန်သည်များ စာရင်း လက်ခံရရှိခြင်း မရှိသေးကြောင်း UMFCCI က ဆိုသည်။
“ကျမတို့က လိုက်လံစည်းရုံးမှုတွေ လုပ်ပေးခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့အထိ သွားမည့်အဖွဲ့ စာရင်းက မရသေးဘူး။ မနက်ဖြန် စမယ်ဆိုရင်တော့ မျှော်လင့်ချက် မရှိတော့ဘူး။ ကုန်သည်တွေကလည်း တရုတ်ကုန်စည်ကို ပိုသွားကြတယ်” ဟု ဒေါ်မေကြည်က ပြောသည်။