နယူးဒေလီ။ ။ စစ်အစိုးရနှင့် အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA ၏ ခေါင်းဆောင်တဦးဖြစ်သူ ၆၉ နှစ်အရွယ် စဝ်စိုင်းနောင့်သည် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
SSA နာယက (၂) စဝ်စိုင်းနောင့်သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရပ်ကွက်များကို ကိုးကား၍ ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက သတင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
ယခုလို သတင်းပေါ်ထွက်နေသော်လည်း မည်သည့်ရောဂါဖြင့် ကွယ်လွန်ရသည်ကို မသိရသေးဘဲ၊ သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်မေရီသည် ရန်ကုန်တွင် ရောက်ရှိနေကြောင်းနှင့် ဒေါ်မေရီသည် SSA ၏ ကွယ်လွန်သွားပြီး ဖြစ်သည့် စဝ်ရာပီး ၏ ညီမ ဖြစ်ကြောင်း သိရသည်။
စဝ်စိုင်းနောင့် (ခေါ်) ဦးဖေသိန်းသည် ကချင်-ရှမ်း ကပြားတဦး ဖြစ်ပြီး သိန္နီမြို့ ဇာတိဖြစ်သည်။
သူသည် ၁၉၇၅ ခုနှစ်တွင် အမှတ် ၂၄ တပ်ရင်း အရာရှိတဦး ဖြစ်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် စစ်တပ်မှ အနားယူကာ SSA နာယက (၁) ဖြစ်သွားသည့် ဗိုလ်ချုပ်ဆေထဲန့်၏ SSA (မြောက်ပိုင်းတပ်)ကို ဦးစီးကွပ်ကဲ ခဲ့သည်။
ဗိုလ်ချုပ်ဆေထဲန့်သည် ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်သည်။
စဝ်စိုင်းနောင့်ကို သိရှိသူ SSA အရာရှိဟောင်းတဦးကမူ အပစ်ရပ်အဖွဲ့များအား မြန်မာစစ်တပ်မှ အပြင်းအထန် ဖိအားပေးလာချိန်တွင် ယခုလို သေဆုံးခြင်း ဖြစ်သဖြင့် ကံမကောင်းကြောင်း ရှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။
SSA (မြောက်ပိုင်းတပ်) သည် ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးနှင့် ၈၃ မိုင်ခန့် ကွာဝေးသည့် တန့်ယန်းဒေသတွင် အခြေစိုက် လှုပ်ရှားနေပြီး ယခုလဆန်းပိုင်းမှ စတင်ကာ ပြောက်ကျားနှင့် ညတိုက်ပွဲ သင်တန်းများကိုပို့ချလာခဲ့ကြောင်း ရှမ်းသံတော်ဆင့်က ဆိုသည်။
ယခုလို အချိန်တွင် သြဂုတ်လနှောင်းပိုင်းက မြန်မာစစ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးကန့်တပ်ဖွဲ့၏ ခေါင်းဆောင်သစ် ဖြစ်လာသည့် ပိုင်စုန်ချန်သည် တပ်သားအင်အား ၃၂၆ ဦးဖြင့် နယ်ခြားစောင့်တပ်ကို စတင် ဖွဲ့စည်းလိုက်ပြီး ဖြစ်ကြောင်း သတင်းများ ပေါ်ထွက်နေသည်ဟုလည်း ဆိုသည်။
စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ယခုလ နောက်ဆုံးထားကာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တိုက်တွန်း ပြောဆိုထားသည်။