မဇ္ဈိမ (ဒါကာ)။ ။ မြန်မာ၊ အိန္ဒိယတို့နှင့် ဖြစ်ပွားလျက်ရှိသော ရေကြောင်းနယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂခုံရုံးသို့ တိုင်တန်းသွားမည်။ ဘင်္ဂလားပင်လယ်အော်အတွင်း ဓာတ်ငွေ့ရှာဖွေခွင့်နှင့် ပတ်သက်၍ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ခြိမ်းခြောက်ကန့်ကွက်ထားသည်။
''လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ဒီအငြင်းပွားမှုတွေကို နှစ်နိုင်ငံအကျိုးတူ နည်းလမ်းတွေနဲ့ မဖြေရှင်းနိုင်လို့ အခုအခါမှာ ဖျန်ဖြေရေးခုံရုံးကို ပေးပို့တိုင်တန်းဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ Dipu Moni က မြို့တော်ဒါကာတွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် အဆိုပါ ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေကွန်ဗင်းရှင်း UNCLOS အရ ပြုလုပ်သော ဖျန်ဖြေရေးခုံရုံးသို့ တင်ပြတိုင်တန်းရန် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးက ပြောသည်။
သူမ၏ ဤသို့ထုတ်ဖော်ပြောဆိုချက်သည် နိုင်ငံခြားရေးဌာနအတွင်းဝန် Mijarul Kayes က ဘင်္ဂလာဒေ့ရှ်၏ ပင်လယ်ရေကြောင်း နယ်နိမိတ် ပိုင်ဆိုင်မှုများကို ပြသထားသည့် စာရွက်စာတန်းများကို အိန္ဒိယမဟာမင်းကြီး Pinak Ranjan Chakravarty နှင့် မြန်မာသံအမတ်ကြီး ဦးဖေသောင်းဦးတို့ကို ဒါကာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တရားဝင် ပေးအပ်အပြီး နာရီပိုင်းအတွင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
''တိုင်းပြည်အတွက် လိုအပ်ချက်တွေ ပြည့်မီဖို့ရာ ပင်လယ်အော်အတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား သယံဇာတတွေကို ရှာဖွေထုတ်ယူ သုံးစွဲဖို့ လိုပါတယ်။ ဒီအတွက် ကျနော်တို့ ရေကြောင်းနယ်နိမိတ်ကို သတ်မှတ်ဖို့ လိုပါတယ်'' ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဤကမ္ဘာ့အဖွဲ့အစည်းကြီးသို့ တင်ပြတိုင်တန်းရာတွင် ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်က ဗြိတိသျှ အစိုးရ အမှုလိုက် အကျိုးတော်ဆောင် ဥပဒေပညာရှင် Vaughn Lowe ကို ခန့်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးက ပြောသည်။
နှစ်နိုင်ငံလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မိတ်ဆွေနိုင်ငံများ ဖြစ်သည်နှင့်အညီ အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကိုလည်း ဖွင့်ထားကြောင်းနှင့် လက်ရှိဆောင်ရွက်ဆဲ အိမ်နီးချင်းနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိက ပြောသည်။
နိုင်ငံတကာ ရေနံကုမ္ပဏီများဖြစ်သော အမေရိကန် Conoco Philips နှင့် အိုင်ယာလန်နိုင်ငံ Tullow ကုမ္ပဏီတို့နှင့် ကမ်းလွန်ရေနံရှာဖွေရေး လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရေးအတွက် လက်မှတ်ရေးထိုးနိုင်ရန် ယခင်အပတ်က စေ့စပ်ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက် အစိုးရ၏ ယခုလုပ်ရပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ပင်လယ်အော်အတွင်း ဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိထားသည့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက ဒါကာအစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို ဓာတ်ငွေ့ရှာဖွေခွင့်များ ပေးအပ်ခဲ့သည့်အတွက် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ကွက် ၃ ခုစလုံးသည် သူတို့ပိုင်နက် နယ်မြေများနှင့် အပြန်အလှန် ထိစပ်လျက်ရှိသည်ဟု နှစ်နိုင်ငံစလုံးက ပြောဆိုထားသည်။
အဆိုပါ ကန့်ကွက်ချက်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်ထားသည်။ ''ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေက ဘင်္ဂလားပင်လယ်အော်အတွင်း ကျနော်တို့နယ်မြေ အတော်များများကို မျှတမှုမရှိဘဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယံဇာတတွေ ရှာဖွေခွင့်ကိုလည်း ကာကွယ်တားဆီးထားပါတယ်'' ဟု အဆိုပါ အရာရှိက ပြောသည်။
တိုင်းပြည်၏ ဓနဥစ္စာများနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း အချုပ်အခြာအာဏာပိုင်ခွင့်များကို ထိန်းသိမ်းနိုင်ရန်အတွက် ဤပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို UNCLOS တွင် တင်ပြတိုင်တန်းသွားမည်ဟု အစိုးရက ပြောသည်။
ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ဖျန်ဖြေမှုသည် ဤအငြင်းပွားမှုကို အိမ်နီးချင်းနိုင်ငံများနှင့် ၅ နှစ်အတွင်း ချစ်ကြည်စွာ ဖြေရှင်း အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
''၃ နိုင်ငံစလုံးက ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက် ဒီခုံရုံးရဲ့ နောက်ဆုံး အဆုံးအဖြတ်ကို လေးစားလိုက်နာဖို့ တာဝန်ရှိပါတယ်။ ဒီအမှုဟာ ခန့်မှန်းခြေ ၄ နှစ်မှ ၅ နှစ်အထိ ကြာမြင့်မယ်လို့ ထင်ပါတယ်'' ဟု ဝန်ကြီးက ပြောသည်။
ယခုနှစ် စက်တင်ဘာလအတွင်း လုပ်ကွက်အမှတ် ၅၊ ၁၀ နှင့် ၁၁ တို့ကို ConcoPhilips, Tullow ကုမ္ပဏီတို့ကို ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူနိုင်ရေး အငှားချလုပ်ခွင့်ပြုသည့် စွမ်းအင်ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံအတည်ပြုခဲ့သည်။
အမေရိကန်နိုင်ငံတွင် တတိယအကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်သော ConcoPhilips ကို ကမ်းလွန်ရေနက် လုပ်ကွက်အမှတ် ၁ဝ နှင့် ၁၁ တို့တွင် ရှာဖွေထုတ်ယူခွင့်ပြုခဲ့ပြီး၊ အိုင်းရစ်ကုမ္ပဏီ Tullow ကို ရေတိမ်လုပ်ကွက် အမှတ် ၅ တွင် ရှာဖွေလုပ်ကိုင်ခွင့်ပြုထားသည်ဟု စွမ်းအင်ဝန်ကြီးဌာန အဆိုအရ သိရသည်။