မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာပြည် ပြန်လာစဉ် မင်္ဂလာဒုံ လေဆိပ်၌ အဖမ်းခံရသူ ကိုညီညီအောင်ထံမှ အမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက် ရယူရေးအတွက် တွေ့ဆုံခွင့်ပြုရန် သူ၏ ရှေ့နေများက အကျဉ်းဦးစီးဌာနသို့ ယနေ့ စာတင်လိုက်သည်။
အမှုအတွက် လိုက်ပါဆောင်ရွက်မည့် ဗဟိုတရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ရန်ကုန် အင်းစိန်ထောင်သို့ လက်မှတ်ရေးထိုး၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ကိုညီညီအောင်ရဲ့ ညွှန်ကြားချက် (Instruction) ရယူရတယ်။ တနည်းအားဖြင့်ဆိုရင် သူဖြစ်ပုံတွေ အကုန်လုံးပြောပြမှ ရှေ့နေတွေ ဘာဆက်လုပ်မယ်ဆိုတာ သိရမယ်။ ဥပဒေအရ ရှေ့နေနဲ့ တွေ့ခွင့်ပေးရမယ်” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။
အမေရိကန်နိုင်ငံသား ဖြစ်နေသည့် ၄၀ နှစ်အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်၏ အမှုကိစ္စတွင် လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးက သူတို့နှစ်ဦးကို လွန်ခဲ့သည့် ၂ ပတ်ခန့်ကတည်းက မေတ္တာရပ်ခံပြီးနောက် ကိုညီညီအောင်ထံမှလည်း ကိုယ်စားလှယ်လွှဲစာကို ထောင်အာဏာပိုင်များထံမှ ယမန်နေ့က ရယူခဲ့ပြီး ဖြစ်သည်။
ကိုညီညီအောင်သည် ပြည်တွင်း ဆူပူအုံကြွမှုနှင့် အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟူ၍ စစ်အစိုးရ၏ ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲ ဖော်ပြခဲ့သည်။
သူ့ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၁၇ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။
မိသားစုဝင်များနှင့် ယနေ့တိုင် တွေ့ခွင့်မရသေးသော်လည်း ယခု လ ၅ ရက်နေ့တွင် ပစ္စည်းအချို့ ပေးပို့နိုင်ခဲ့ရသည်ဟု သူ၏ မိသားစုဝင်တဦးက ပြောသည်။
“လူတွေ့တော့ မရသေးဘူး။ ဒီတပတ် တနင်္လာနေ့တော့ ပါဆယ်ပို့လိုက်တယ်။ (အမေရိကန်) သံရုံးက ပြောတာကတော့ အဒေါ်နှစ်ယောက်ကို လူတွေ့ခွင့်ရအောင် စာတင်ပေးမယ်လို့။ အဲဒါပဲ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အမေရိကန်သံရုံးမှ လက်ထောက် ပြည်သူ့ဆက်ဆံရေး အရာရှိ Drake Weisert က ယခုလ ၄ ရက်နေ့ (တနင်္ဂနွေ) တွင် ကိုညီညီအောင်နှင့် အင်းစိန်ထောင်တွင် ဒုတိယအကြိမ် တွေ့ဆုံခွင့်ရခဲ့ကြောင်း မဇ္စျိမကို ပြောဆိုသည်။ သို့သော်လည်း အမှုကိစ္စနှင့် ကိုညီညီအောင်၏ ကျန်းမာရေး အခြေအနေကို ဖြေဆိုခြင်း မရှိပါ။
ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင်လည်း သံရုံးက အင်းစိန်ထောင်၌ တွေ့ဆုံခွင့်ရခဲ့ပြီး ကိုညီညီအောင် နှိပ်စက် ခံထားရကြောင်း မိသားစုထံ အကြောင်းကြား ခဲ့သည်။
ကိုညီညီအောင်သည် ၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် ကျောင်းသားတဦးဖြစ်ပြီး စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ် ဖမ်းဆီးသဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာတိမ်းရှောင်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့သည်။
စစ်အစိုးရက သူ၏ မိခင် ဒေါ်စန်းစန်းတင်ကို နိုင်ငံရေးသမားနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ကူညီသည်ဟုဆိုကာ မန္တလေးတိုင်း မိတ္ထီလာထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းချထားသည်။
ညီမဝမ်းကွဲဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်သည်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာဆန္ဒဖော်ထုတ်ပွဲ၌ ပါဝင်ခဲ့ပြီးနောက် မတရားအသင်း ဖွဲ့စည်းမှု၊ အီလက်ထရောနစ် ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရပြီး မြင်းခြံထောင်တွင် အကျဉ်းကျနေသည်။
ထို့အပြင် သူမ၏ ခင်ပွန်းသည် ကိုချစ်ကိုလင်းက ပခုက္ကူထောင်တွင် ရ နှစ်၊ ဝမ်းကွဲညီမ တော်စပ်သူ မနိုးနိုးသည် ဧရာဝတီတိုင်း မအူပင်ထောင်တွင် ရ နှစ် ပြစ်ဒဏ်ကျခံနေကြရသည်။
ကိုညီညီအောင်၏ အဒေါ် ဒေါ်ခင်ခင်ဆွေသည် မိတ္ထီလာထောင်ရှိ ဒေါ်စန်းစန်းတင်နှင့် မြင်းခြံထောင်ရှိ တူမဖြစ်သူ မသက်သက်အောင်ကို ထောင်ဝင်စာတွေ့ဆုံရန် ယမန်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။