ချင်းမိုင် (မဇ္စျိမ)။ ။ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ချီတက်ပွဲ သွေးမြေကျ ၂ နှစ်မြောက်ကာလတွင် မြို့တော်ဟောင်း ရန်ကုန်ရှိ ရပ်ကွက်များတွင် ကြံ့ဖွ့ံနှင့် စွမ်းအားရှင်များက လုံခြံုရေးယူကာ စောင့်ကြည့်နေကြောင်း သံဃာ၊ ကျောင်းသားနှင့် ဒေသခံများက ဆိုသည်။
“ရပ်ကွက်ထဲမှာ ယူနီဖောင်းနဲ့ မရှိဘဲနဲ့ ကြံ့ဖွ့ံနဲ့ စွမ်းအားရှင်၊ သူတို့တွေက နေရာတိုင်းမှာလို မျက်စိဒေါက်ထောက် ကြည့်နေတာ။ ” ဟု ပြည်တွင်းအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြောခွင့်ရ ဦးပညာဝံသ က မဇ္စျိမကို မိန့်ကြားသည်။
မြောက်ဥက္ကလာပမှ ဒေသခံတဦးက ''သူတို့တွေ နေရာတိုင်းမှာလို ရှိတယ်။ ရက်ကွက်ထဲ လက်ဖက်ရည်ဆိုင်မှာ၊ ကားဂိတ်မှာ၊ ကားပေါ်မှာ၊ နေရာတိုင်းမှာလိုလိုကို ရှိတယ်။ အခုဟာက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာတောင် လွတ်လွတ်လပ်လပ် စကားမပြောရဲတော့ဘူး။ ရက်ကွက်ထဲက လူတွေကလည်း သူတို့ကို ချဉ်နေကြပြီ'' ဟု ပြောသည်။
ရွှေတိဂုံဘုရားနှင့် သင်္ဃန်းကျွန်း ကျိုက္ကဆံဘုရားတွင်လည်း ယူနီဖောင်းဝတ် ရဲလုံခြံုရေးများ စောင့်ကြပ်နေသည်။
“သူတို့ အဓိကယူထားတာက ရွှေတိဂုံနဲ့ သင်္ဃန်းကျွန်းက ကျိုက္ကဆံဘုရား။ ကျိုက္ကဆံဘုရားမှာဆိုရင် စစ်တပ်ကော ရဲရော တနေ့ကို ကား ၂ စီး ပုံမှန်ရှိတယ်။ ကိုယ့်ဟာနဲ့ကို ဘာသာရေးအရ ဝတ်ပြုဆုတောင်းဖို့ ဆိုတာတောင်မှ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ဝင်ဆွဲမှာကို သံဃာတွေက ကြောက်နေရတယ်။ ဒါတွေက တော်တော်လေးကို ဘာသာရေးအရ အနှောင့်အယှက်တခုပေါ့နော်” ဟု ဦးပညာဝံသက မိန့်ဆိုသည်။
သွားလာနေသည့် သံဃာတော်များနောက် အရပ်ဝတ်လုံခြံုရေးများ နောက်ရောင်ခံမှုများလည်း ရှိနေသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များအား အာဏာပိုင်များက လက်နက်သုံး နှိမ်နင်းသည့် နှစ်ပတ်လည်လ ဖြစ်သဖြင့် ယခုလတွင် အလားတူ ဆန္ဒပြမှုမျိုး ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် လုံခြံုရေး တင်းကျပ်ခြင်း ဖြစ်ကြောင်း သံဃာတော်များက ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ ပြောခွင့်ရ ကိုဇာနည်က ''ဒီအချိန် လူထုက ပေါက်ကွဲနိုင်တဲ့ အချိန်ဗျ။ ပေါက်ကွဲမယ့် အချိန်ဆိုတော့ အဲဒီဟာမျိုးတွေ ဖြစ်မလာနိုင်အောင် သူတို့က လုပ်မှာပဲ။ လူထုအုံကြွမှု ဖြစ်မလာအောင် ရအောင်တားမှာပဲ။ အဲဒီ ဥစ္စာတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပေါ့။ သူတို့မှာ အာဏာရှိတယ်၊ လက်နက်ရှိတယ်၊ လူရှိတယ်။ ဆိုတော့ ဒါတွေဖြစ်မလာအောင် ကြိုးစားမှာပဲ။ အရင်ထက်ပိုပြီး အားစိုက်လာတာ တွေ့ရတယ်။ ဒီကာလက အရင်ကာလတွေထက်စာရင် ပိုပြီးတော့ တော်တော်လေးကို အားစိုက်လာတယ်'' ဟု ပြောသည်။
ပြည်တွင်းအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကလည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် သံဃာ့ကံဆောင်သပိတ် စတင်မည်ဖြစ်ကြောင်း အခြားသံဃာအဖွဲ့များနှင့်အတူ ကြေညာထားသည်။
“သူတို့ဟာသူတို့ လုံခြံုရေး ဘယ်လောက်ချချ၊ လုပ်လို့ကတော့ ကျိန်းသေရတာပဲ။ တကျောင်းကနေ မှောက်တာနဲ့ အထမြောက်သွားပြီ။ သံဃာ့အမိန့် ဆိုတဲ့အတွက်ကြောင့် တကယ် အထမြောက်တဲ့ဟာဆို သံဃာတွေက မဖြစ်မနေ လိုက်နာရတယ်။ ဒါကြောင့်မို့ သူတို့ လုံခြံုရေး ဘယ်လောက်ပဲချချ ကံကတော့ အောင်ကို အောင်မြင်မှာပဲ။ ဦးဇင်းတို့ကတော့ အောက်တိုဘာ ၃ ရက်နေ့ သပိတ်စမယ်” ဟု သံဃာတပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဦးပဥ္စင်း အရှင် ဦးဣဿရိယက မဇ္စျိမကို မိန့်သည်။
ယခုလ ၂၂ ရက်နေ့က အမေရိကန်အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ရွှေဝါရောင် လှုပ်ရှားမှုနှင့် ဆက်စပ်ကာ သံဃာတော် အပါး ၂၄၀ ခန့်သည် အကျဉ်းထောင် အသီးသီး၌ ဖမ်းဆီးခံထားရကြောင်း ထုတ်ဖော် ပြောဆိုသည်။