နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့်ရ
by -
ဖနိဒါ
စစ်အစိုးရက လွတ်ငြိမ်း ချမ်းသားခွင့်ဖြင့် အကျဉ်းသား ရ၁၁၄ ဦး လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန် ...

ချင်းမိုင် (မဇ္ဈိမ) ။       ။ စစ်အစိုးရက လွတ်ငြိမ်း ချမ်းသားခွင့်ဖြင့် အကျဉ်းသား ရ၁၁၄ ဦး လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန် ပြောဆိုလိုက်သည်။

“ဒီကနေ့ ၂၀၀၀ ကျော်သော နိုင်ငံရေး အကျဉ်းသားများ ဖမ်းဆီးခံရတာက တခုမှကို နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုတယ် ဆိုတဲ့ကိစ္စ ပေါ်လွင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က အမိန့်တွေနဲ့ တွေ့သမျှ ပုဒ်မတပ် ဖမ်းဆီးနေတဲ့ ကိစ္စပါ” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စတင်သည့် အကျဉ်းသား လွှတ်ပေးမှုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD အဖွဲ့ဝင် ၄၄ ဦး၊ လွှတ်တော် အမတ် ၃ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၅ ဦး၊ ရှေ့နေ ၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁ ဦး၊ အမျိုးသမီး ၂၂ ဦးနှင့် သံဃာ ၄ ပါး၊ သတင်းထောက် ၄ ဦး၊ ကျောင်းသား ၁၃ ဦး၊ လူ့အခွင့်အရေး အဖွဲ့ဝင် ၁ဝ ဦး တို့ အပါအဝင် ဖြစ်သည်ဟု AAPP ကြေညာချက်က ဆိုသည်။

ထို့အပြင် သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း နိုင်ငံရေး လှုပ်ရှားသူ လူဦးရေ ၃ဝ ဦးကျော် ဖမ်းဆီး ခံရကြောင်း ကိုတိတ်နိုင်က ပြောသည်။

“လှုပ်ရှားမှုပေါ်မှာ မူတည်ပြီးတော့ အခု လွှတ်ပေးတာထက်ကို ပြန်ဖမ်းတာက ပိုလာနိုင်မယ့် အလားအလာ ရှိပါတယ်” ဟု သူက ဆိုသည်။

အကျဉ်းသားများကို လူသားချင်း စာနာ ထောက်ထားမှုနှင့် နိုင်ငံအကျိုး ထမ်းဆောင် နိုင်ကြစေရန် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ထုတ်ပြန် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိကြောင်းနှင့် နိုင်ငံတော်က ဥပဒေနှင့်အညီ နိုင်ငံရေး လှုပ်ရှားခွင့်၊ ဒီမိုကရေစီ ဖော်ဆောင်ခွင့်များကို ခွင့်ပြုထားကြောင်းနှင့် လက်ရှိ အကျဉ်းသား ကျခံရသူများသည် နိုင်ငံရေးလုပ်ခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်မှု လှုပ်ရှားခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်း လုံးဝ မဟုတ်ကြောင်း အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ရေးသား ဖော်ပြထားသည်။

၁၉၈၉ ခုနှစ်မှ စတင်က နအဖ စစ်အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်ငြိမ်း သက်သာခွင့်များ စုစုပေါင်း ၁၅ ကြိမ် ရှိပြီဟု ယနေ့ထုတ် မြန်မာ့အလင်းတွင် ပါရှိသည့် ဆောင်းပါးရှင် ကျော်ရဲမင်း ရေးသားထားသည့် ဆောင်းပါးတွင် စုစုပေါင်း ၁၁၄၉၅၀ ဦး လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် AAPP ၏ စာရင်းအရ လွတ်ငြိမ်း ချမ်းသာခွင့်ရသူ ၁ ဒဿမ ၃ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။

၂၀၀၄ ခုနှစ် လွှတ်ပေးသည့် အကျဉ်းသား ၁၄၃၁၈ ဦးမှ နိုင်ငံရေး အကျဉ်းသား ၆၀ ဦး၊ ၂၀၀၅ ခုနှစ်တွင် အကျဉ်းသား ၄၀၀  ဦးမှ နိုင်ငံရေး အကျဉ်းသား ၃၄၁ ဦး၊ ၂၀၀၇ ခုနှစ်တွင် အကျဉ်းသား ၈၅၈၅ ဦးမှ နိုင်ငံရေး အကျဉ်းသား ၂၀ ဦးတို့ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အကျဉ်းသား ၉၀၀၂ ဦးမှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်းက အကျဉ်းသား ၆၃၁၃ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ ဦး ပါဝင်သည်။

မြန်မာပြည်အနှ့ံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ဦး ရှိသည်ဟု AAPP က နောက်ဆုံး ထုတ်ပြန်ထားသည်။

Most read this week