ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင်း ရောင်းချနေသော အသားကင်များတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဓါတုပစ္စည်းများ ပါမပါ စစ်ဆေးနေပြီ ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ပြောသည်။
“နမှုနာဝယ်တဲ့အဖွဲ့က စျေးသွားဝယ်။ စစ်ဆေးရေးအဖွဲ့ကစစ် အဲလိုမျိုး နေ့တိုင်း စစ်ဆေးနေတာပါ။ ယမ်းတွေ ထည့်တာ များသလား။ ကာလာတွေ များနေလား။ ရောဂါပိုးတွေ ပါမပါ စစ်ဆေးတုံး ပါဘဲ။ အတိအကျတွေ့တယ်လို့ ပြောလို့ မရသေးဘူး။ အဲတာတွေ စားမိရင် ကင်ဆာရောဂါ ဖြစ်နိုင်တယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက မဇ္စျိမကို ပြောသည်။
အသားကင်များကို ပြည်တွင်းမှ ထုတ်လုပ်သကဲ့သို့ ပြည်ပမှ တင်သွင်းမှုများလည်းရှိကာ ရောင်းချသူများ သည်အသားများ မပျက်ဆီးစေရန် ယမ်းစိမ်းများ ထည့်လေ့ရှိပြီး ရောင်းပန်းလှ စေရန်အတွက်လည်း အရောင်များ သုံးစွဲတတ် ကြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ရန်ကုန်-မန္တလေး နှစ်မြို့ပေါင်း စစ်ဆေးရေး ဝန်ထမ်း ၅၀၀ ခန့် ရှိပြီး မြန်မာတနိုင်ငံလုံး အတိုိင်းအတာဖြင့် ဓာတ်ခွဲခန်း မရှိသော်လည်း ရန်ကုန်-မန္တလေးတွင် ဓာတ်ခွဲခန်းဖြင့် စမ်းသပ် စစ်ဆေးနိုင် နေပြီဖြစ်ကြောင်း Food and Drug Administration (FDA) မှ ဒေါက်တာ ကျော်လင်းက ပြောသည်။
ရန်ကုန်မြို့နေ လူထုအကြားတွင် ကိုရီးယားကင် အစားအသောက်များ ခေတ်စားလာနေပြီး တနေ့လျင် အနည်းဆုံး ၄ သိန်းဖိုးခန့် ရောင်းအားရှိသည့် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်မှ “ရွှေလီအကင်ဆိုင်”အရောင်းဝန်ထမ်းတဦးက ပြောသည်။
“အကင်တခုကို အနည်းဆုံး ၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ထိ ရှိတယ်။ ကိုရီးယားက ရယ်ဒီမိတ် ကြက်သား၊ ဝက်သား၊ ဆိတ်သား နှင့် အသားအစုံ အကင်ရောင်းပါတယ်။ ကျနော်တို့က ဟိန်းကောင်းစံကနေ ရယ်ဒီမိတ် အကင်တွေကို မှာ ယူပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်မြို့မှ “ဟိန်းကောင်းစံ ကုမ္ပဏီ အသားကင် ရောင်းဝယ်ရေး” အား ဆက်သွယ် မေးမြန်းရာ ၎င်းတို့ထံမှ အသား ကင်များကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တင်သွင်းခြင်း ဖြစ်ပြီး FDA မှလည်း စစ်ဆေးပြီး ဖြစ်ကြောင်း ကုမ္ပဏီ ရောင်းဝယ်ရေး ဌာနမှ တာဝန်ရှိသူက ဖြေကြားသည်။
သို့သော် ကိုရီးယား အစားအသောက်အဖြစ် စျေးကွက်အတွင်း ရောင်းချနေသော အဆင်သင့် စားနိုင်သည့် အသား ကင်ထုတ် အချို့တွင်မူ ကုမ္ပဏီအမည်နှင့် ဖုန်းနံပါတ်သာ ပါရှိပြီး လိပ်စာနှင့် အစားအစာအတွင်း ပါဝင်သော ဓါတုပစ္စည်း အမည်များ ဖော်ပြထားခြင်း မရှိကြောင်း ရွှေလီ အကင်ဆိုင် အရောင်းဝန်ထမ်းက ပြောသည်။