မွန်အဖွဲ့အစည်းအသီးသီးမှ မြန်မာစစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားသွားနိုင်ရန် စုပေါင်းဖွဲ့စည်းလိုက်သည့် အလုပ်ကော်မတီဝင်သည် ပြည်နယ် ၂ ခုနှင့် တိုင်း ၂ တိုင်းတို့တွင် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။
“စည်းရုံးရေးဆင်းတဲ့နေရာမှာ အဓိကကတော့ လက်ရှိနိုင်ငံရေးအကြောင်းတွေ ရှင်းလင်းတယ်၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ဆွေးနွေးတယ်၊ နောက်တစ်ခုက မွန်ပြည်သူတွေကြား ကိုယ်စာပြုတဲ့ ပါတီတစ်ခုရှိသင့်တယ်ဆိုတဲ့အကြောင်းတွေကို ရှင်းပြတယ်” ဟု အလုပ်ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယင်းအလုပ်ကော်မတီသည် မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သူများအကြား စည်းရုံးလှုံဆော်ရန်အတွက် ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး၊ အခြေအနေပေးလာသည်နှင့်အမျှ အလုပ်ကော်မတီမှ နိုင်ငံရေးပါတီတစ်ခု (နိုင်ငံရေးအသွင်းပြောင်း) ဖွဲ့ပြီး ၂၀၁၀ အတွက် ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက်ချမည်ဟုလည်း သိရသည်။
ရန်ကုန်၊ ပဲခူး၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ ဘားအံ၊ ကော့ကရိတ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ဘီလင်း၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အလုပ်ကော်မတီ တစ်ဦးလျှင် တစ်မြို့နယ် စည်းရုံးရေးဆင်းရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူဘက်မှ ကော်မတီဝင်တို့လည်း ပါဝင်စည်းရုံးရေးဆင်းသည်။
“ကော်မတီထဲက အဖွဲ့ဝင် ၁၅ ဦးကို ဒေသအလိုက်ခွဲပြီးတော့ စည်းရုံးရေးတွေ ဆင်းနေတယ်၊ စည်းရုံးရေးဆင်းတဲ့နေရာ အဓိကကတော့ ၂၀၁၀ ရွေးကောက်အကြောင်းကို မွန်ပြည်သူတွေကြား ရှင်းရှင်းလင်းလင်းသိသွားအောင် ပြီးတော့ လက်ရှိ မြန်မာစစ်အစိုးရပေါ်လစီတွေ ဒါတွေကို အဓိကရှင်းပြပြီး စည်းရုံးတယ်” ဟု ၄င်းက ဆက်ပြောသည်။
အလုပ်ကော်မတီကို ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် မွန်ခေါင်းဆောင်အချို့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းအချို့၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်အချို့၊ အငြိမ်းစားမြန်မာအစိုးရဝန်းထမ်းဟောင်းအချို့နှင့် မွန်ပညာရှင်အချို့အပါဝင် ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
“ဒီကော်မတီကို ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲဝင်ဖို့မဟုတ်ဘူး၊ ရွေးကောက်ပွဲဝင်သင့် မဝင်သင့်ဆိုတာက မြန်မာစစ်အစိုးရကနေ ရွေးကောက်ပွဲအတွက် ဘာကြေငြာချက်ထုတ်ပြန်လာမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်၊ အဲဒီအခါကျမှ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချကြမယ်၊ အခုလောလောဆယ်မှာတော့ အလုပ်ကော်မတီသဘောပဲ” ဟု အထက်ပါ ကော်မတီအဖွဲ့ဝင်က ဆက်ရှင်းပြပါသည်။
အလုပ်ကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦးအပြင် နယကအဖြစ် ကျောင်းထိုင်ဆရာတော် ၃ ပါးနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဥက္ကဌ နိုင်ထွန်းသိန်းနှင့် ဒုဥက္ကဌ နိုင်ငွေသိမ်းတို့လည်း ပါဝင်သည်။
စည်းရုံးရေးဆင်းရာမှာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မွန်လူငယ်အဖွဲ့စည်းများအပါဝင် အခြားအဖွဲ့စည်းများမှ ခေါင်းဆောင်အချို့ကို အဓိကထားစည်းရုံးသည်။
မြန်မာစစ်အစိုးရ ရေးဆွဲထားသည့် လမ်းပြမြေပုံ (၇) ချက်အရ လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားပြီးဖြစ်သည်။ မြန်မာစစ်အစိုးရပြဌာန်းထားသည့် လမ်းစဉ်အပေါ် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမို ကရေစီအဖွဲ့တို့က လက်မခံနိုင်သည့် အနေထားမှာရှိနေသည့်အတွက် နိုင်ငံရေးပါတီသစ်ဖွဲ့ရန် ရည်ရွယ်လျှက်ရှိသည်။
အလုပ်ကော်မတီမှ နိုင်ငံရေးပါတီပြောင်းလဲဖွဲ့စည်းရန်အတွက် ၄င်းကော်မတီက မြန်မာစစ်အစိုးရမှ ထုတ်ပြန်မည်ရွေးကောက်ပွဲဥပဒေကိုအခြေခံပြီး၊ မြန်မာစစ်အစိုရး၏ လမ်းစဉ်ကို လက်ခံနိုင်မှသာ ပါတီဖွဲ့ရန် ဆုံးဖြတ်မည်ဖြစ်ကာ လက်မခံနိုင်ပါက ပါတီဖွဲ့မည်မဟုတ်ဘဲ မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သွားကြောင်းလည်း သိရသည်။
ကော်မတီအတွင်း လုပ်ငန်းဆောင်တာများ၊ စည်းရုံးရေးဆင်းရာမှ ရရှိလာသည့် ရလဒ်များကို တစ်လတစ်ကြိမ် ၂၄ ရက်နေ့မှာ ကော်မတီဝင် ၁၅ ဦးတို့က တွေ့ဆုံဆွေးနွေးကြပြီး၊ လုပ်ငန်းဆောင်တာများကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက် လုပ်ဆောင်ရမည်ကိုလည်း ၄င်းတွေ့ဆုံမည့် လစဉ် ၂၄ ရက်နေ့မှ ချမှတ်ကြသည်။
(၁၉၉၀) ခုနှစ်ရွေးကောက်ပွဲအပြီး ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံရသည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့၏ အခြေအနေသည် မြန်မာအစိုးရ၏ နိုင်ငံရေးပါတီလမ်းစဉ်လျောက်လှမ်းရန် မဖြစ်နိုင်သည့်အနေအထားတွင်ရှိပြီး ခေါင်းဆောင်တချို့က ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်နိုင်ရန် ပါတီသစ်တစ်ခု ဖွဲ့စည်းရန်ရှိသည်။