ရှမ်းပြည်နယ်တွင် အိမ်ထောင်စုဝင်များကို ဓာတ်ပုံရိုက် မှတ်တမ်းယူ

ရှမ်းပြည်နယ်တွင် အိမ်ထောင်စုဝင်များကို ဓာတ်ပုံရိုက် မှတ်တမ်းယူ
by -
မျိုးကြီး
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်စုဝင်များကို ဓာတ်ပုံရိုက် မှတ်တမ်းယူခြင်းများ အာဏာပိုင်များက လုပ်ဆောင်လျက်ရှိ ...

ရွှေလီ(မဇျွိမ)။      ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်စုဝင်များကို ဓာတ်ပုံရိုက် မှတ်တမ်းယူခြင်းများ အာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့ကစတင်ပြီး နမ့်ခမ်းမြို့နယ် နောင်ခမ်း၊ မန်ကတ်၊ ကောင်းဝိန်း၊ ကောင်းဆာ၊ ဆည်ဟိုင်း၊ မန့်ခမ်း၊ မန့်နောင် ကျေးရွာများအတွင်း ကွင်းဆင်းကာ   ဓါတ်ပုံရိုက်ယူနေခြင်းဖြစ်သည်။

ဓါတ်ပုံများထဲမှ တပုံကို အိမ်ရှေ့တွင် ကပ်ထားရမည် ဖြစ်ပြီး ကျန် ၂ ပုံအား ရယကရုံးနှင့် ရဲတပ်ဖွဲ့၌ ထားရှိမည် ဖြစ်သည်။

“အိမ်ထောင်စု စာရင်းမှာရှိတဲ့ မိသားစုဝင်တွေကို အိမ်ရှေ့မှာ စုရပ်ခိုင်းပြီး ဓါတ်ပုံ ၃ ပုံစီ ရိုက်သွားတယ်။ ဓါတ်ပုံဖိုးက ၂၀၀၀ ပေးရတယ်။ ခရီးလွန်နေတဲ့သူတွေကျတော့ ရယက ထောက်ခံစာနဲ့တွဲပြီး ရိုက်သွားတယ်” ဟု နမ့်ခမ်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ဒေသတွင်း စစ်ရေးအရ တင်းမာမှုများရှိနေပြီး လုံခြံုရေးအရ စီမံချက်ဟု ရဲက ပြောသည်ဟု ဆိုသည်။

“သူတို့ဓါတ်ပုံ လာရိုက်တဲ့အချိန်က လူစိမ်းအဝင်အထွက်တွေရှိရင် သတင်းပေးဖို့ ပြောတယ်။ တိုက်ပွဲတွေ ဘာတွေ ဖြစ်လာရင် အိမ်မှာရှိတဲ့လူတွေကို ဓါတ်ပုံတွေနဲ့တိုက်ကြည့်ပြီး ဒီလူတွေဟုတ် မဟုတ်ဆိုတာ ကြည့်မယ်လို့ ပြောတယ်” ဟု အခြားဒေသခံ တယောက်က ပြောသည်။

အပစ်ရပ် ကိုးကန့်အဖွဲ့နှင့် နအဖ စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ် ယခင်လ ၂၈ ရက်ညတွင် မူဆယ်မြို့၌ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး၊ ယင်းလကုန်ပိုင်း၌လည်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့အား လက်နက်ကိုင်တဖွဲ့ ဖြတ်သွားခဲ့ပြီးနောက် ယခုအစီအမံများ ပြုလုပ်လာခဲ့သည်။

မူဆယ်မြို့နယ်အတွင်းရှိ တုန်ခံ၊ နမ့်ခုံး၊ ဝိန်းမိုင်၊ နမ့်ပန် စသည့် ကျေးရွာများတွင်လည်း အိမ်ထောင်စုစာရင်း ကောက်ယူမှုများကို မကြာသေးမီက ပြုလုပ်ခဲ့သေးသည်။

ယမန်နှစ်အတွင်းက အာဏာပိုင်များ ဧည့်စာရင်းလာစစ်လျှင် သိသာစေရန် နမ့်ခမ်းမြို့နယ်အတွင်း၌ အိမ်ထောင်စု စာရင်းများကို နေအိမ်ရှေ့တွင် ကပ်ခိုင်းထားခဲ့သော်လည်း ယခုကဲ့သို့ ဓါတ်ပုံရိုက်ယူခြင်းမှာမူ ပထမဆုံး အကြိမ် ဖြစ်သည်။

Most read this week