မြန်မာအလုပ်သမားများ ပတ်စ်ပို့လုပ်ရန် ဇဝေဇဝါဖြစ်နေ

မြန်မာအလုပ်သမားများ ပတ်စ်ပို့လုပ်ရန် ဇဝေဇဝါဖြစ်နေ
by -
မိကျလွန်းထော
ထိုင်း- မြန်မာအစိုးရတို့ ပူးပေါင်းပြုလုပ်ပေးမည့် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်စာအုပ် (ယာယီပတ်စပို့) ပြုလုပ်ရန် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်မားများက ဇဝေဇဝါဖြစ်နေ ...

ထိုင်း- မြန်မာအစိုးရတို့ ပူးပေါင်းပြုလုပ်ပေးမည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ်စာအုပ် (ယာယီပတ်စပို့) ပြုလုပ်ရန် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်မားများက ဇဝေဇဝါဖြစ်နေသည်ဟု သိရသည်။

ယာယီနိုင်ငံကူးစာအုပ်ပြုလုပ်ရာတွင် မြန်မာနိုင်ငံရှိ နေထိုင်ရာ လိပ်စာ အတိအကျ ဖြည့်စွက်ထားသည့်အတွက် ကျန်ရှိနေသော မိဘများထံ ငွေကြေးသွားရောက် ကောက်ခံမည်ကို စိုးရိမ်နေကြသည်။

“ကျွန်မသူငယ်ချင်းတစ်ယောက်က ယာယီပတ်စပို့လုပ်ပြီးသွားပြီး၊ အခု ရွာမှာရှိတဲ့ သူ့မိဘတွေဆီမှာ အစိုးရအဖွဲ့က တစ်လကို ပိုက်ဆံ ၃ သောင်းသွားကောက်နေတယ်။ ဒါကြောင့် ကျွန်မလည်း ယာယီပတ်စ်ပို့လုပ်ဖို့ ကြောက်နေတယ်၊ ကျွန်မ မိဘတွေလည်း မလုပ်ဖို့ ပြောပါတယ်” ဟု ဘန်ကောက်မြို့ရှိ အလုပ်သမားတစ်ဦးက ဆိုသည်။

ယာယီပတ်စ်ပို့မလုပ်မနေရ လုပ်ရမည်ဟု ထိုင်းအလုပ်ရှင်် ၄င်းကိုပြောထားသည်။ ထိုသို့ မပြုလုပ်ပါက ထိုင်းအရာရှိများ လာရောက်စစ်ဆေးပါက ဒဏ်ငွေအဖြစ် ထိုင်းဘတ် ၅ သောင်း ပေးဆောင်ရမည်အပြင် အလုပ်ရှင်များလည်း အဖမ်းခံရမည်ဟု အလုပ်ရှင်၏ပြောကြားချက်ကိုကိုးကား၍ ဘန်ကောက်အလုပ်သမားက ပြောသည်။ ထိုင်းအလုပ်ရှင်မှ ယာယီနိုင်ငံကူးစာအုပ်လုပ်ရန် တိုက်တွန်းခြင်းနှင့် မြန်မာဒေသခံအာဏာပိုင်တို့မှ ၄င်းတို့၏အိမ်တွင် ငွေကြေးကောက်ခံခြင်းအတွက် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့်အလုပ်သမားများ အခက်တွေ့နေကြသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီးကျေးရွာနှင့် ကော့ဗိန်းကျေးရွာတွင် ထိုင်းနိုင်ငံ၌ ယာယီပတ်စပို့ ပြုလုပ်ထားသည်ဟု ဆိုပြီး ရွာတွင်ကျန်ရှိနေသော မိဘများထံ ငွေကျပ် ၅ သောင်း၊ အချို့အိမ်တွင် ၃ သောင်းကျပ် မြန်မာအစိုးရအဖွဲ့တို့က လာရောက်ကောက်ယူသွားပြီ အချို့ဒေသတွင် အိမ်အခြေအနေအလိုက် အကဲခတ်၍ လာရောက်ကောက်သည်ဟု ချွန်ဗူရီ်မှ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“ကျွန်တော့်အမေက ပတ်စပို့မလုပ်ဖို့ ဖုန်းဆက်လာတယ်၊ ရွာဥက္ကဌလည်းပြောတယ်၊ ကျွန်တော့်သူဌေး ပြောတာကတော့ ဒီလိုမျိုး မြန်မာတွေပိုက်ဆံကောက်နေမယ်ဆိုရင် အထက်အရာရှိတွေဆီ သွားတိုင်းရမယ်လို့ ပြောတယ်” ဟု ၄င်းက ဆက်ပြောသည်။

ငါးသေတ္တာစက်ရုံမှ အလုပ်သမားတစ်ဦးကလည်း ယာယီပတ်စ်ပို့အပေါ် လုံးဝယုံကြည်မှုမရှိကြောင်းနှင့် နိုင်ငံရေးအခြေအနေလည်း မကောင်းသည့်အတွက် ယာယီပတ်စ်ပို့မလုပ်လို့ကြောင်းကိုလည်း ပြောနေကြသည်။

“ယာယီပတ်စ်ပို့ လုံးဝ မလုပ်ဘူး၊ ဘာမှအကျိုးပေးမှာမဟုတ်ဘူး၊ ရွာမှာရှိတဲ့လူတွေကို ဒုက္ခသွားပေးဦးမယ်၊ သူတို့မပေးနေရင်လည်း ရွာပြန်တော့မယ်၊ အခုတောင်မှ ယာယီပတ်စ်ပို့သွားလုပ်တဲ့သူ မဲဆောက်မှာ အဖမ်းခံနေရတယ်၊ နိုင်ငံရေးအခြေအနေကလည်း မကောင်းတော့ဘူး၊ ကျွန်မတို့ မလုပ်ရဲတော့ဘူး” ဟု မဟာချိုင်မြို့ ငါးသေတ္တာစက်ရုံမှ အလုပ်သမားတစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာအစိုးရပြုလုပ်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သည် တရားဝင်အသိမှတ်ပြု ထားသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့် ဖွံဖြိုးရေးဖောင်းဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သား ဖွံဖြိုးရေးတာဝန်ခံ ကိုမိုးဝေ ကပြောသည်။

ယာယီပတ်စ်ပို့ ပြုလုပ်ပြီးနောက် ရွာတွင်ငွေကြေးကောက်ခံနေသည်မှာ မြန်မာအစိုးရမှ ညွန်းကြားထားခြင်းမရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်မှာ ရပ်ကွက်လူကြီးနှင့် ကျေးရွာရှိအစိုးရအဖွဲ့အစည်းမှ မည်သူသည် နိုင်ငံရပ်ခြားတွင် ရှိနေသည်ကို သိရှိနေသည့်အတွက် ငွေညှစ်ခြင်းကြောင့်သာ ထိုသို့ငွေတောင်းခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“အခုလုပ်နေတဲ့ယာယီပတ်စ်ပို့က ထိုင်း-မြန်မာ အစိုးရတွေ တရားဝင် အသိမှတ်ပြုထားတာပါ၊ အခုလိုမျိုး အလုပ်သမားတွေ မယုံကြည်တာကလည်း အလုပ်ရှင်နဲ့ အလုပ်သမားတွေအပေါ်မှာပဲ မူတည်ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း မြန်မာအလုပ်သမားတွေအားလုံး ပေါ်ပေါ်တင်တင်နဲ့ တရားဝင်ဖြစ်အောင် လုပ်ပေးနေတာပါ၊ ပြီးတော့ အခွင့်အရေးဆုံးရှုံးနေတာတွေလည်း ထိုင်းနိုင်ငံက အပြည့်အဝ အာမခံပေးမှာဖြစ်တယ်၊ ဒါကို အလုပ်သမားတွေက ပိုက်ဆံကောက်နေတယ်ဆိုပြီး မလုပ်ရဲကြတာပါ” ဟု ကိုမိုးဝေ ဆိုသည်။

၄င်း၏ပြောကြားချက်အရ မြန်မာအလုပ်သမားများ ယာယီပတ်စ်ပို့ပြုလုပ်ရာတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အလုပ်သမားကဒ်၊ နေရပ်လိပ်စာအတိအကျ၊ အမည်စာရင်းတို့ကို အလုပ်သမားရုံးမှတဆင့် ထိုင်းနိုင်ငံသံရုံးသို့ သွားရောက်ပို့ဆောင်ရမည်ဖြစ်သည်။

“အခုလိုမျိုး အလုပ်သမားတွေ ယာယီပတ်စပို့သွားလုပ်လို့ အဖမ်းခံရတယ်ဆိုတာ အလုပ်ရှင်နဲ့အလုပ်သမားတွေက ယာယီပတ်စ်ပို့လုပ်ရမယ့်လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း မလုပ်ဘဲနဲ့ တစ်ခါထဲ သွားလိုက်တယ်ဆိုတော့ မြန်မာအစိုးရတို့က ဖမ်းလိုက်တာပါ။ ယာယီပတ်စ်ပို့သွားလုပ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ထိုင်းမှာရှိတဲ့ အလုပ်ရှင်တွေအားလုံးနီးပါးကို အသိပေးထားပြီးဆိုတာ သိရပါတယ်” ဟု ကိုမိုးဝေက ဆက်ပြောသည်။

ထိုင်းအစိုးရမှ မြန်မာအလုပ်သမားများအတွက် ပြုလုပ်ထားပေးသော အလုပ်သမားမှတ်ပုံတင်ကဒ်ကို လာမည့် ၂၀၁၀  ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဟု ထိုင်းအစိုးရမှ တရားဝင်ကြေငြာထားပြီးဖြစ်သည်။

“ဒီ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကုန်လို့  ယာယီပတ်စ်ပို့လုပ်မယ့် မြန်မာအလုပ်သမားတွေ ကျန်နေသေးတယ်ဆိုရင် ထိုင်းအစိုးရက နောက်ထပ်တစ်နှစ် သူတို့ရဲ့အလုပ်သမားမှတ်ပုံတင်ကဒ်ကို ပြန်ပြီးသက်တမ်းတိုးပေမယ်လို့ ကျွန်တော်တို့ကြားထားပါတယ်၊ ပြီးတော့ ကျန်နေတဲ့လူတွေလည်း ယာယီပတ်စ်ပို့လုပ်ဖို့ ပြန်ပြီးတိုက်တွန်းသွားဦးမယ်” ဟု ကိုမိုးဝေက ဆက်ပြောသည်။

ယာယီပတ်စ်ပိုု့ပြုလုပ်ရာတွင် အမှန်တကယ်ကုန်ကျသည့်စရိတ်မှာ ဘတ်ငွေ ၅၀၀ သာ ထိုင်းအစိုးရထံ ပေးရမည်ဖြစ်ပြီး မြန်အစိုးရကိုမူ ကျပ်ငွေ (၃၀၀၀) ကျပ်သာ ပေးဆောင်ရန် သတ်မှတ်ထားသည်ဟု ကိုမိုးဝေက ပြောပါသည်။ အချို့သော အလုပ်သမားများမှာ ပွဲစားအားကိုးပြီး ပြုလုပ်ရသည့်အတွက်ဘတ်ငွေ သောင်းနှင့်ချီကာ ကုန်ကျကြသည်။

Most read this week