မြန်မာ့အရေး တရုတ်နှင့် အနောက်နိုင်ငံတို့ ညှိနှိုင်းချဉ်းကပ်သင့်ဟု ICG ပြော

မြန်မာ့အရေး တရုတ်နှင့် အနောက်နိုင်ငံတို့ ညှိနှိုင်းချဉ်းကပ်သင့်ဟု ICG ပြော
by -
မုံပီး
စစ်အစိုးရအပေါ် တရုတ်၏ သြဇာမှာ အကန့်အသတ်ဖြင့်သာ ရှိနေသဖြင့် မြန်မာနိုင်ငံ၌ အပြောင်းအလဲများဖြစ်ရေး တွန်းအားပေး ဆောင်ရွက်ရန် အနောက်နိုင်ငံများ အနေဖြင့် တရုတ် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရအပေါ် တရုတ်၏ သြဇာမှာ အကန့်အသတ်ဖြင့်သာ ရှိနေသဖြင့် မြန်မာနိုင်ငံ၌ အပြောင်းအလဲများဖြစ်ရေး တွန်းအားပေး ဆောင်ရွက်ရန် အနောက်နိုင်ငံများ အနေဖြင့် တရုတ်နှင့် လက်တွဲ၍ နည်းလမ်းများ ရှာဖွေရန် လိုအပ်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ၏ အစီရင်ခံစာသစ်တွင် ရေးသား ဖော်ပြထားသည်။

ICG သည် ကမ္ဘာတဝှန်း ပဋိပက္ခများကို လေ့လာနေသည့် အမြတ်အစွန်းအတွက် လုပ်ကိုင်နေခြင်း မဟုတ်သည့် အဖွဲ့အစည်း တရပ်ဖြစ်ပြီး ယင်းတို့၏`တရုတ်၏ မြန်မာ့ရေးရာ အကျပ်အတည်း´ အမည်ရှိ အစီရင်ခံစာတွင် ပီကင်း၏ မြန်မာနိုင်ငံအပေါ် ရှိနေသော သြဇာကို မကြာခဏ ပိုသာစွာ ပြောဆိုနေကြပြီး လက်တွေ့တွင် ထိုသြဇာဆိုသည်မှာ အကန့်အသတ်များနှင့်သာ ဖြစ်ကြောင်းနှင့် တရုတ်နယ်စပ်တလျှောက် လက်နက်ကိုင် တိုင်းရင်းသား သူပုန်တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်လည်း ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်း ရေးသားထားသည်။

`အမျိုးသားရေးစိတ် ပြင်းပြပြီး အထီးတည်း နေလိုကြသော ဗိုလ်ချုပ်ကြီးများအဖို့ ပီကင်း အပါအဝင် မည်သူ့ထံကမှ  အမိန့်ခံစရာမလို´ ဟု ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပဲလ် Robert Temple က ယနေ့ ကြေညာချက် ထုတ်ပြန်၍ ပြောကြားသည်။

`မြန်မာ့ပြဿနာ ဖြေရှင်းရေးအတွက် တရုတ်က ဦးဆောင်မှ ရမည်ဟု ဆက်ပြီး ရိုးရိုးလွယ်လွယ် စဉ်းစားနေလျှင် မြန်မာ့အရေး နိုင်ငံတကာ၏ အလုပ်ဖြစ်နိုင်သော ချဉ်းကပ်မှုမှာ ရှာလေဝေးလေသာ ဖြစ်နေဦးမည်´ ဟု တင်ပဲလ်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာ ဗိုလ်ချုပ်ကြီးများအပေါ် သြဇာရှိသည်ဟု သိနေကြသော တရုတ်သည် တရုတ် နယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင်များကို နောက်တကြိမ် တိုက်ခိုက်လာလျှင်လည်း တားဆီးနိုင်ဖွယ် မရှိဟု ICG က သတိပေး ရေးသားထားသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့မြောက်ရှိ ကိုးကန့်သူပုန်များကို သြဂုတ်လနှောင်းပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင်းသို့ ဒုက္ခသည် ၃ သောင်းခန့် ဝင်ရောက်ထွက်ပြေး ခိုလှုံလာခဲ့ရခြင်းက တရုတ်နိုင်ငံ၏ စစ်အစိုးရအပေါ် သြဇာဆိုသည်မှာ အကန့်အသတ်နှင့်သာ ရှိနေသည် ဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း ICG က ရေးသားထားသည်။

`မြန်မာလူမျိုးစုများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဆိုသည့် ကိုးကန့် ငြိမ်းချမ်းရေး တပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက်တော့မည့် အကြောင်းပင် ပေကျင်းကို ကြိုတင် သတိပေးမှုမရှိခဲ့´ ဟုလည်း ICG အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်အစိုးရက ဝနှင့် ကချင်သူပုန်များကို ထပ်မံ တိုက်ခိုက်ခဲ့ဦးမည်ဆိုလျှင် သူ့နယ်စပ်တွင် ဤသို့ လူသားဆိုင်ရာ နောက်ထပ်အကျပ်အတည်းကို ရင်ဆိုင်ကြံုတွေ့ရဦးမည်သာ ဖြစ်သည်။ နောက်ထပ် ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မလုပ်ရန် ဗိုလ်ချုပ်ကြီးများကို ဖျောင်းဖျနိုင်ခြင်း ရှိမရှိ ဆိုသည်မှာမူ မရှင်းလင်းသေးကြောင်း ICG က ရေးသည်။

`မြန်မာနိုင်ငံဆိုင်ရာ တရုတ်နှင့် နိုင်ငံတကာ မူဝါဒများကို သေချာစွာ ပြန်လည် အကဲဖြတ်ရန် လိုသည်´ ဟု ICG ၏ မူဝါဒဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဒေါ်နယ်လ်စတိန်းဘတ် Donald Steinberg က ပြောသည်။

`ထိရောက်သော နိုင်ငံတကာဆိုင်ရာ ချဉ်းကပ်မှုများ ပြုလုပ်ရာတွင် ဒေသဆိုင်ရာ နိုင်ငံများသာမက အကျိုးတူ အဖွဲ့အစည်းကြီးများ ဖြစ်ကြသော အာဆီယံနှင့် ကုလသမဂ္ဂတို့ ကဲ့သို့သော အဖွဲ့အစည်းများလည်း ပါဝင်၍ တပ်ပေါင်းစုဖွဲ့၍ လုပ်ရန်လိုသည်´ ဟု သူက ဆက်ပြောသည်။

မဇ္ဈိမသို့ အီးမေးလ်မှတဆင့် ဖြေကြားရာတွင် ICG ၏ အရှေ့မြောက်အာရှ ဒါရိုက်တာ Stephanie T. Lleine-Ahlbrandt က စစ်အစိုးရသည် တရုတ်နှင့် အခြားနိုင်ငံများ၏ သြဇာအာဏာကို သူတို့၏ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံစုံပါဝင်ရေး မူဝါဒတို့နှင့် ထိန်းညှိကစားနေသည်ဟု ပြောသည်။

`တခြားနိုင်ငံတခုရဲ့ သြဇာကို ထိန်းချုပ်ဖို့ နောက်တနိုင်ငံရဲ့ သြဇာကို သုံးရေး ဆိုတာလောက် ဒီကိစ္စက လွယ်လွယ်လေး မဟုတ်ပါဘူး။ မြန်မာအစိုးရက ဒီဆက်ဆံရေးကို တခြား အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း သုံးတာပါပဲ။ ဒါ တနိုင်ငံထဲက သူ့အပေါ် သြဇာသိပ်ကြီးလာမှာကို တားဆီးတဲ့နည်းပဲ´ ဟုKleine-Ahlbrandt ဟု ပြောသည်။

သို့သော် ကုလသမဂ္ဂ၏ တုံ့ပြန်မှုသော်၎င်း၊ ဒေသဆို်င်ရာ ညှိနှိုင်းဆောင်ရွက်မှု မရှိလျှင်သော်၎င်း ဤ လိပ်ခဲတည်းလည်း အခြေအနေသည် ဆက်ရှိနေဦးမည်သာ ဖြစ်သည်။ `တရုတ်နိုင်ငံဘက်မှကြည့်လျှင် ဤကိစ္စသည် နယ်စပ်တလျှောက် မတည်မငြိမ်ဖြစ်လာမည့် အရေးသာမဟုတ်၊ ယူနန်ပြည်နယ်၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုကို သေချာပေါက် အနုတ်လက္ခဏာ ပြစေလိမ့်မည်´ ဟု သူက ဆက်ပြောသည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် မျှော်မှန်းချက်များ ထားရှိခဲ့သော်လည်း ဤရည်မှန်းချက်များ အောင်မြင်ရေးအတွက် အနောက်၏ ချဉ်းကပ်ပုံနှင့်မူ ကွဲပြားနေသည်။ တရုတ်ကို ဤကိစ္စတွင် ပါဝင်လာစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အလုပ်ဖြစ်နိုင်သော မဟာဗျူဟာတရပ်ကို ချမှတ်ရန်လိုကြောင်း တရုတ်၏ အမှန်တကယ်ရှိနေသော သြဇာအာဏာနှင့် ဘုံအကျိုးစီးပွားများကို ကောင်းမွန်စွာ အသုံးချနိုင်ရန် လိုကြောင်း ICG က ဆိုထားသည်။

`တရုတ်အနေနှင့် လက်ရှိမူဝါဒများကို ဆက်လက်ကျင့်သုံးနေပါက ရေရှည်အလုပ်မဖြစ်နိုင်ကြောင်း အနောက်နိုင်ငံများအနေဖြင့် အလေးပေးပြောကြားသင့်သည်။ လုံခြံုရေးကောင်စီနှင့် အခြား အစည်းအဝေးများတွင်လည်း ဆက်လက် ဖိအားပေးသွားသင့်သည်´ ဟု ထိုအဖွဲ့က ရေးသားထားသည်။ တချိန်တည်းတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံအပေါ် သူတို့၏ အကျိုးစီးပွားကိုသာ ကြည့်တတ်သည့် ကျဉ်းမြောင်းသော အမြင်ရှိသည့် အခြားဒေသတွင်း နိုင်ငံများကိုလည်း ပစ်ပယ်မထားသင့်ကြောင်း ဆိုထားသည်။

Most read this week