မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီ အသစ်တခုဖွဲ့ရန် မွန်တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်း စီစဉ်လျှက် ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင်ဟောင်းများ ဖြစ်ကြသော နိုင်တင်အောင်၊ နိုင်စိုးမြင့်တို့နှင့် မွန်အမျိုးသား ဒီမိုကရေစီ ပါတီဝင်ဟောင်းများ မော်လမြိုင်မြို့၌ ယခုနှစ် ဇွန်လ၂၉ ရက်တွင် တွေ့ဆုံ၍ ပါတီဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲမှ ပါတီထူထောင်ရန် ၁၅ ဦးပါ ကော်မတီတခုကို ဖွဲ့စည်းလိုက်ကာ စည်းရုံးရေး လုပ်ငန်းများအတွက် တစ်လတကြိမ် အစည်းအဝေးပွဲ ပြုလုပ်ကြောင်း သိရသည်။
အသစ်ဖွဲ့မည့် ပါတီသည် “ကြားနေလမ်းစဉ်” ကို အခြေခံမည် ဖြစ်ပြီး ပါတီမူဝါဒ၊ မွန်အမျိုးသားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်း မရှိသော နအဖ ၏ ၂၀၀၈ ခု ဖွဲ့စည်းပုံပါ အချက်အလက်များကို ပါလီမန်၌ တရားဝင်တင်ပြ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကြောင်း ယင်းကော်မတီဝင် တဦးက ပြောသည်။
ထို့အပြင် “လက်ရှိ နိုင်ငံရေး အခြေအနေမှာ ကျနော်တို့ မွန်တိုင်းရင်းသား ပေါင်းစုံအတွက် ပိုမို အကျိုး ဖြစ်ထွန်းအောင် အကြမ်းအားဖြင့် သဘောတူတာက တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေးရရှိဖို့၊ ဒီမိုကရေစီ ထွန်းကားလာဖို့၊ လူ့အခွင့်အရေး ပိုမို ထွန်းကားလာဖို့နဲ့ တိုင်းရင်းသားအချင်း တိုက်ခိုက်နေတာတွေ ဖြေရှင်းပေးဖို့ပါ” ဟု ကော်မတီဝင် ဒေါက်တာ နိုင်ဗညားအောင်မိုးက မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ အာဏာပိုင်များထံ တရားဝင်အကြောင်းကြားထားခြင်း မရှိသေးသည့် ဖွဲ့စည်းမည့် ပါတီ အသစ်၏ အမည်နှင့် မူဝါဒများကို လာမည့်လတွင်မှ ဆွေးနွေးချမှတ်ကြမည်ဖြစ်ကြောင်း သူက ပြော သည်။
ဖြစ်ပေါ်လာမည့် ပါတီအသစ်သည် မွန်ပြည်သစ်ပါတီနှင့် သာမက အခြားမည်သည့် မွန်တိုင်းရင်းသား အဖွဲ့အစည်းများနှင့်မျှ ပတ်သက်မှု မရှိကြောင်း ဒေါက်တာနိုင်ဗညားအောင်မိုးက ရှင်းပြသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းများပါဝင်ပြီး ယင်းကဲ့သို့ မွန်နိုင်ငံရေးပါတီအသစ် တခု ဖွဲ့စည်းမည်ကို မွန်ပြည်သစ်ပါတီအနေဖြင့် ကန့်ကွက်ခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီဌာနမှ တာဝန် ရှိသူတဦးက မဇ္စျိမကို ပြောသည်။