မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ

မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ
by -
မေကျော်
တရားမဝင် နေထိုင်မှုဖြင့် မလေးရှားတွင် ဖမ်းဆီး ခံနေခဲ့ရသော မြန်မာလုပ်သားများအနက် လမ်းစရိတ် တတ်နိုင်သူများကို ပြန်လည် ပို့ဆောင်ခြင်း ပြုလုပ်လျက် ရှိ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ တရားမဝင် နေထိုင်မှုဖြင့် မလေးရှားတွင် ဖမ်းဆီး ခံနေခဲ့ရသော မြန်မာလုပ်သားများအနက် လမ်းစရိတ် တတ်နိုင်သူများကို ပြန်လည် ပို့ဆောင်ခြင်း ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံသားအဖြစ် အထောက်ပြနိုင်သူများဖြစ်ပြီး တဦးလျှင် အပြန်လမ်းစရိတ် လေယာဉ် လက်မှတ်ဖိုး အပါအဝင် မလေးရှားငွေ ရင်းဂစ် ၁၆၀၀ (ကျပ်ငွေ ၅ သိန်းခန့်) ကုန်ကျခံနိုင်သူများကို ရန်ကုန်မြို့သို့ တိုက်ရိုက် ပြန်လည် ပို့ဆောင်ခြင်း ဖြစ်သည်။

ပထမဆုံး အသုတ်အနေဖြင့် ၄၉ ဦး ပြန်လည် ရောက်ရှိလာကြောင်း စက်တင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။

ပြန်လိုသူများသည် သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူတို့ဖြင့် မလေးရှားဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်စားလှယ်မှတဆင့် လျှောက်ထားကြရသည်ဟု စုံစမ်း သိရှိရသည်။

“အခုကတော့ စခန်းထဲက လူတွေက အပြင်က ကျန်ခဲ့တဲ့ သူငယ်ချင်းဖြစ်ဖြစ်၊ အမျိုးတွေဖြစ်ဖြစ် သူတို့က ပိုက်ဆံစုပြီး လုပ်ပေးနေကြတယ်။ ဒါမှမဟုတ် ပြည်တွင်းက ပို့ပေးတဲ့ ပိုက်ဆံနဲ့ဖြစ်ဖြစ် ပြန်နေကြတယ်။ ပွဲစားကိုတော့ စခန်းစောင့်တဲ့ ရဲတွေကတဆင့် ချိတ်တယ်” ဟု အခြေအနေကို စောင့်ကြည့်နေသည့် မလေးရှားရောက် ကိုအောင်ကျော်က ပြောသည်။

မလေးရှား အစိုးရက နိုင်ငံတွင်း တရားမဝင် အလုပ်သမားများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး စေတနာ့ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားသော RELAသို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် Volunteers of Malaysia People က နို်င်ငံတွင်း တရားမဝင် အလုပ်သမားများကို ရှာဖွေဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ထားသည်။

မလေးရှားအစိုးရက ထုတ်ပြန်သော စာရင်းများအရ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ရ၀၀၀ တွင် မြန်မာ ၂၈၀၀ ဦးပါ၀င်နေသည် ဟု သိရသည်။  

မလေးရှားတွင် တရားဝင် မြန်မာလုပ်သား ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး တရားမဝင် မြန်မာလုပ်သားက ယင်းထက် အဆများပြားမည်ဟု ခန့်မှန်းထားကြသည်။

Most read this week