မြန်မာနိုင်ငံကို ဖြတ်သန်းသွားသည့် ဂတ်(စ်)ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တရုတ်အစိုးရတို့က မျက်ကွယ်ပြုနေသည်ဟု ရွှေဂတ်(စ်) လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်သော “အာဏာစင်္ကြ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍရေးအကျပ်အတည်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပိုက်လိုင်းတည်ဆောက်သွားမည့် လမ်းကြောင်းတလျေက်တွင် တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ပြည်သူလူထူအပေါ် ဘေးအန္တရာယ်ကျရောက်လာနိုင်သည့်အခြေနေ ဖြစ်ပေါ်နေသည်ကို တရုတ်အစိုးရက မျက်ကွယ်ပြုကာ၊ ကီလိုမိတာ ၄၀၀၀ ခန့်ရှည်လျားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ သွယ်သန်းသွားမည်ဖြစ်သည်။
“တရုတ်အစိုးအနေနဲ့ နိုင်ငံတကာရင်နှီးမြုပ်နှံမှုတွေရဲ့ စီမံကိန်းက လူ့အခွင့်အရေးချိုးဖောက်မှုများအပါဝင် ဆူပူမှုများဖြစ်အောင်လုပ်နေတယ်၊ မြန်မာနိုင်ငံရဲ့အခြေနေကလည်း တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ အနေအထားမှာရှိနေပါတယ်၊ တိုုင်းရင်းသား အပစ်ခတ်ရပ်စဲရေးနဲ့ တခြားအင်အားစုတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအနေထားဟာ အချိန်မရွေး ပေါက်ကွဲဆူပူလာနိုင်တဲ့အနေအထားမှာရှိနေပါတယ်၊ အဲဒါတွေကို ယှဉ်ပြီးကြည့်လာရင် တရုတ်အစိုးရက ဒီလိုမျိုး နိုင်ငံမငြိမ်မသက်မှုနဲ့ နိုင်ငံရေးပြောင်းလဲရန်အရှိန်ယူနေတဲ့အခါမှာ ဒီလိုစီမံကိန်းကို လုပ်တာဟာ မြန်မာနိုင်ငံကို မျက်ကွယ်ပြုပြီး လုပ်နေတယ်” ဟု ရွှေဂတ်(စ်) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းအောင်နှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
လောင်စာစွမ်းအင်သယ်ယူသည့် လမ်းကြောင်းမှာ မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့၏ အရေးပါသည့်လုပ်ငန်းကို အကောင်ထည်ဖော်သည့် လမ်းကြောင်းတစ်ခုဖြစ်ရာ နှစ်နိုုင်ငံအစိုးရ၏ အာဏာတည်ရန်လမ်းကြောင်းဖြစ်လို့ “အဏာစင်္ကြ” လမ်းကြောင်းဟု ပြောလို့ရပြီး၊ တရုတ်အစိုးရအနေနှင့် မဟာဗျုုဟာကျသည့် လမ်းကြောင်းတစ်ခုဟု ကိုဝင်းအောင်က ပြောသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော တရုတ်အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း (CNPC) မှ ယခုလအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ မြန်မာအစိုးရအား နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ပေးဆောင်ရမည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပိုက်လိုင်းဖြတ်သွားမည့်လမ်းကြောင်း အနီးတဝိုက်မှာ ပစ်ခတ်မှုကြောင့်၊ ဒုက္ခသည် ထောင်နှင့်ချီပြီး၊ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ရကာ မြန်မာနိုင်ငံအတွင်းမှာ မတည်ငြိမ်မှုများ ဖြစ်နေသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ ဒါကြောင့် မြန်မာစစ်အစိုရးက ဒေသအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေသည်ဆိုတာကို တွေ့မြင်နေရသည်ဟု ယနေ့ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်မှာ ရေးသားထားသည်။
ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကန်ဘောက်-မြိုင်ကလေး မှ သွယ်တန်းထားသည့် ပိုက်လိုင်းတစ်လျောက်ထက် ပိုများနိုင်ကြောင်း ကိုဝင်းအောင်က ပြောသည်။ ၄င်းက သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆေက်မည့် ဒေသတစ်လျေက်တွင်လည်း မြန်မာအစိုးရ တပ်ရင်း (၄၄) မှ စစ်တပ်အင်အား တစ်ထောင်ကျော် တိုးချဲ့ချထားသည်ဟု ဆက်ပြောသည်။
လွန်ခဲ့သည့် မေလက လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (မွန်ပြည်နယ်) (HURFOM) က ထုတ်ပြန်သည့် “Laid Waste” အစီရင်ခံစာမှာလည်း မြန်မာအစိုးရမှ ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ပြည်သူတို့၏ လယ်ယာမြေများ၊ သဘာဝ သယံဇာတဆုံရှုံးမှုများသာမက အိုးအိမ်စွန့်ခွာရသည်အထိ တစ်ခြားဒေသသို့ ထွက်ပြေးရသည့် အခြေနေများလည်းရှိသည်ဟု ဖော်ပြထားသည်။