နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တွင် ပြေးဆွဲသည့် ဒိုင်နာဘတ်စ်ကားများကို လမ်းကြောင်းပြောင်းလဲ သတ်မှတ်ကာ ကားကြီးများဖြင့် အစားထိုး ပြေးဆွဲသွားမည်ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန - မထသ က ဆိုသည်။
ယာဉ်တိမ်းမှောက်မှု၊ ကားတိုက်မှု အများဆုံးဖြစ်နေသည့် ဒိုင်နာကားများကို မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်ကာ ဂျပန်ထုတ် ကားကြီးများဖြင့် အစားထိုးမည်ဟု မထသ ဒုတိယဌာနမှူးအဆင့်ရှိ တာဝန်ရှိသူက ပြောဆိုခြင်း ဖြစ်သည်။
“လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ စမ်းသပ်နေတုန်းပါ။ ဂျပန်က မှာထားတဲ့ ကားအစီး ၃၀၀ ကလည်း သဘောင်္ပေါ် တင်တုန်း။ အဲဒါတွေနဲ့ အစားထိုးမယ်။ လုံးဝ ဒိုင်နာကားတွေကို ဖြုတ်ဖို့ မဟုတ်ပါဘူး” ဟု မထသ ညွှန်ကြားရေးမှူးက မဇ္စျိမကို ပြောသည်။
“ဒိုင်နာကားတွေက မှတ်တိုင်တွေမှာ စည်းကမ်းတကျ မရပ်ဘူး။ ကိုယ်ထည်က လုံးတော့ မြို့တွင်းမှာ အပြိုင်မောင်းတဲ့အခါ မှောက်တာ။ မနေ့ကတောင် ဒိုင်နာမှောက်လို့ ခရီးသည်တွေ ဒဏ်ရာရတယ်။ အဲလိုမြင်ကွင်းတွေက ကြည့်မကောင်းဘူး။ မြို့အင်္ဂါရပ်နဲ့က မညီဘူး” ဟု သူက ဆက်ပြောသည်။
ရန်ကုန်တိုင်းအတွင်း သတ်မှတ်မြို့နယ် ၆ ခုတွင် ဒိုင်နာကားများကို ဝင်ခွင့်မပေးဘဲ၊ မြို့တွင်း လူစည်ကားသည့် နေရာများနှင့် အလှမ်းဝေးသည့် နေရာများ၌သာ သတ်မှတ်ပြေးဆွဲခွင့် ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှတဆင့် ကားကြီးများဖြင့်သာ မြို့အတွင်းပိုင်းအထိ ဝင်ရောက်ခွင့်ပြုသွားမည်။ သို့သော် တားမြစ်ပိတ်ပင်မည့် လမ်းကြောင်း အားလုံးကို အတိအကျ မရေးဆွဲသေးပေ။
ဒုညွှန်မှူးက “ဥပမာဗျာ။ ဒိုင်နာကားကို ဆူးလေအထိ ပေးမဆွဲတော့ဘူး။ ပုဇွန်တောင်အထိပဲ ပြေးခိုင်းမယ်။ ဒဂုံကနေလာမယ့် ကားကို မင်္ဂလာစျေးအထိပဲ ပြေးဆွဲခိုင်းမယ်။ အဲဒီကနေတဆင့် ပါရမီလို၊ City Bus ကားကြီးတွေနဲ့ မြို့ထဲကို အစားထိုးမှာပေါ့ဗျာ” ဟု ပြောသည်။
မထသ လက်အောက်ရှိ လက်ရှိပြေးဆွဲနေသည့် ဒိုင်နာကားအစီး ၅၀၀ ကို ထိုကဲ့သို့ ပြောင်းလဲအစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး၊ အသစ်ရောက်လာမည့် ဂျပန်ဘတ်စ်ကားများကို CNGအစားထိုးခြင်း၊ တံခါးပေါက်ဖောက်ခြင်း စသည်တို့ကို အချိန်ယူလုပ်ဆောင်သွားမည်။
ပါရမီ လိုင်းကားများကို ယာဉ်စီးခ ခရီးသည်တဦးလျှင် ကျပ်ငွေ ၂၀၀ အဖြစ် သတ်မှတ်ထားပြီး၊ ခရီးသည် အထိုင်ကိုသာ ဦးစားပေးကာ မတ်တပ်စီး ခရီးသည်များ တင်ဆောင်ပါက ယဉ်မောင်းအား အရေးယူလေ့ရှိသည်။ ကားအသစ်များ အစားထိုးပါက ကားခစျေးနှုန်းများ ပြောင်းလဲသတ်မှတ်လာနိုင်ဖွယ် ရှိသည်။
၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ဗလက် ဘတ်စ်ကား အစီးရေ ၄၀၀ ကျော်ကို ရန်ကုန်မြို့တွင်း ယဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်ရန်အတွက် ရည်ရွယ်သည့်အနေဖြင့် City Bus၊ ဘတ်စ်ကားများဖြင့် အစားထိုးပြေးဆွဲစေခဲ့သေးသည်။
မထသ သည် လိုင်းပေါင်းစုံဆွဲနေရာ ကားအစီးရေ ၁၀၀၀ကျော်ကို စီမံညွှန်ကြားနေသည့် ပုဂ္ဂလိက ကားလိုင်းဌာနဖြစ်သည်။