ချင်းမိုင် (မဇ္ဈိမ)။ ။ အပစ်အခတ်ရပ် မွန်ပြည်သစ်ပါတီ၏ တပ်များကို နယ်ခြားစောင့်အဖြစ် ပြောင်းလဲရေး ဖိအားပေးမှုအပေါ် စစ်အစိုးရ ကိုယ်စားလှယ်နှင့် မွန်ခေါင်းဆောင်များ ထပ်မံ ဆွေးနွေးကြသည်။
အရှေ့တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ၊ တွဲဘက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဒလညီတို့ကို ရတခ စစ်ဌာနချုပ်ရုံးတွင် သြဂုတ်လ ၂၈ ရက်မှ စတင်၍ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။
“အရင်တခေါက်တွေ့တုန်းက ကျနော်တို့က နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လက်ခံဖို့ ခက်ခဲတာကို အဖြေပေးခဲ့တယ်။ အခုတကြိမ်ကတော့ အဲဒီဆွေးနွေးချက်ကို ပြန်ဆွေးနွေးမယ်” ဟု မွန်ပြည်သစ်ပါတီ ဌာနချုပ်မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
ဆွေးနွေးပွဲသွားသည့် မွန်ခေါင်းဆောင်များ နေရင်းသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် စစ်အစိုးရဘက်၏ တုံ့ပြန်ချက်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။
ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားတွင် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ဗိုလ်ချုပ် သက်နိုင်ဝင်းထံ ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ပေးပို့ခဲ့ပြီးနောက် ယခုလို ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ လက်မခံမည် မဟုတ်ကြောင်းနှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံကြောင်း မွန်ပြည်သစ်က စစ်အစိုးရကို တုံ့ပြန်ထားသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်၍ ထိန်းသိမ်းသွားမည်ဖြစ်ကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြသာနာကို ဖြေရှင်းသွားရန် လက်ရှိ အစိုးရနှင့် နောင်တက်လာမည့် အစိုးရထံ တောင်းဆိုသွားမည်ဟု ပါရှိသည်။
အပစ်အခတ်ရပ်အဖွဲ့များ၏ တပ်များကို မြန်မာ့တပ်မတော်အောက် သွတ်သွင်းရေး အစီအစဉ်ကို နအဖ က လုံးပမ်းနေခဲ့သော်လည်း မွန်ပြည်သစ်အပါအဝင် အင်အားကြီး အပစ်ရပ် ငြိမ်းအဖွဲ့များက ငြင်းဆန်ထားကြသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် စစ်တိုင်းမှူးနှင့် မွန်ခေါင်းဆောင်များ တွေ့ဆုံမှုသည် မတ်လမှစတင်လျှင် ၄ ကြိမ် မြောက်သွားပြီ ဖြစ်သည်။
၁၉၉၅ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ၂၀၀၄ ခုနှစ်တွင် အမျိုးသားညီလာခံကို တက်ရောက်ခဲ့သော်လည်း နောက်နှစ်တွင် စစ်အစိုးရ၏ လုပ်ထုံးလုပ်နည်းများအပေါ် သဘောမတူသဖြင့် အဆင့်လျှော့ကာ လေ့လာသူအဖြစ်သာ ဆက်လက်တက်ရောက်ခဲ့သည်။