နယူးဒေလီ ။ ။ ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတကျောင်း၌ ကျောင်းသား ၅ ဦးတွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရသဖြင့် ကျောင်းကို သီတင်းပတ် တပတ်ကြာ ပိတ်ထားရသည်။
ဗဟန်းမြို့နယ်အတွင်းရှိ International School Yangon – ISY ကျောင်းတွင် သူငယ်တန်းမှ ၄ တန်းအတွင်း သင်ကြားနေသော ကျောင်းသားများတွင် နောက်ဆုံးပေါ် တုပ်ကွေး တွေ့ရှိပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းခေတ္တပိတ်ပေးရန် ညွှန်ကြားခဲ့သည်။
“ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းပိတ်ခိုင်းထားတာပါ။ ကျောင်းသား ၅ ယောက် A (H1N1) ကူးစက်ခံရလို့လေ။ အခု ၃ ယောက်ကတော့ သက်သာသွားပြီ။ လာမယ့်သီတင်းပတ်မှာ ကျောင်းတက်နိုင်တော့မှာပါ” ဟု ကျောင်းဒါရိုက်တာ မစ္စတာ တင်ထရာဗာ့ (Tim Travers) က မဇ္စျိမကို ပြောသည်။ လာမည့် တနင်္လာနေ့တွင် ကျောင်းကိုပြန်ဖွင့်ရန် စီစဉ်ထားသည်။
ကျောင်းပြန်ဖွင့်သည့်အခါ A (H1N1) ကြိုတင်ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့မှ အကြံပြုချက်အရ ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။
ISY ကျောင်းတွင် နိုင်ငံပေါင်း ၃၀ ခန့်မှ ကျောင်းသား ၄၂၇ ဦး ပညာသင်ကြားလျက်ရှိရာ မြန်မာကျောင်းသား ဦးရေ ၁၀၀ ကျော် ပါဝင်ပြီး ၁၂ တန်းအထိ ပညာသင်ကြားပေးနေသည်။
မြန်မာနိုင်ငံတွင် ယမန်နေ့အထိ A (H1N1) ကူးစက်ခံရသူ ဦးရေ ၃၀ တွေ့ရှိခဲ့ရာ ၂၅ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန် ၅ ဦးမှာလည်း သက်သာနေပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ရေးသားဖော်ပြကြသည်။