ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားသည့် သံဃာတော်များ၏ လျှို့ဝှက်အဖွဲ့သစ်များ ဖွဲ့စည်းကြောင်း ကြေညာစာများ အင်တာနက်တွင် တိုးမြှင့်တွေ့လာရသည်။
သံဃာ့တပ်ပေါင်းစုအောက်မှ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းအဖွဲ့ခွဲများ ဖွဲကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ ထုတ်ပြန်ချက်တို့ အင်တာနက်သုံး မြန်မာအသိုင်းအဝို်င်းတွင်းသို့ ဖြန့်ဝေမှုများ ဖြစ်သည်။
လမ်းပေါ် လူထုဆန္ဒပြပွဲများဖြင့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ထားသည့် သံဃာ့တပ်ပေါင်းစုအနေဖြင့် သပိတ်တိုက်ပွဲတွင် စနစ်တကျ စုစည်းမှု၊ ညီညွတ်မှု၊ အောင်မြင်မှုများရရန် ယခုကဲ့သို့ အဖွဲ့ခွဲများ ဖွဲ့ရခြင်း ဖြစ်သည်ဟု ပြည်ပရောက် သံဃာ့တပ်ပေါင်းစုမှ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယ မိန့်သည်။
“သံဃာ့သမဂ္ဂီအဖွဲ့တို့၊ ရဟန်းပျိုသမဂ္ဂတို့၊ သောသုဇနတို့ ဒီလိုအဖွဲ့တွေ အားလုံးပေါင်းပြီးတော့ ဖွဲ့လိုက်တာ မှန်ပေမယ့် ဒါတွေကို အကုန်လုံး တချို့က နယ်တွေက အသီးသီးကနေ ဘယ်လိုတွေ လာပြီးတော့ ချဉ်းကပ်ရတာ သိပ်ခက်တယ်။ အဲဒါကြောင့်မလို့ အလွယ်တကူ ကိုယ့်နယ်နဲ့ကိုယ် ကျကျနန အဖွဲ့ခွဲတွေရဲ့ ဗဟိုရဲ့ ညွန်ကြားချက်တွေနဲ့ အားလုံးပေါင်းစည်းပြီးတော့ လုပ်လာနိုင်အောင် ဖွဲ့စည်းရတာပါ”ဟု ပြောသည်။
သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်မှုများအတွက် စစ်အစိုးရက အောက်တိုဘာလ ၂ ရက် ၁၂ နာရီ မတိုင်မီ ပြန်လည်တောင်းပန်ရန် သံဃာ့တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလဆန်းတွင် ပဲခုက္ကူမြို့တွင် ရဟန်းတော်များကို စစ်တပ်က ရိုက်နှက်ခဲ့ကြောင်းကို ပြည်ပအခြေစိုက် မီဒီယာများက သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံအဝှန်း ကြိမ်မီးအုံးဖြစ်သွားခဲ့သည်။
သံဃာတော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြပွဲများ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအများအပြားတွင် ဖြစ်ပေါ်ခဲ့ပြီး လံခြံုရေးတပ်များက သွေးမြေကျဖြိုခွဲခဲ့သည်။
ဆက်လက်၍ ထင်ရှားသော ဖြိုခွင်းမှုတခုတွင် ရန်ကုန်မြို့ ငွေကြာယံ စာသင်ကျောင်းတိုက်တွင်းသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ညက လက်နက်ကိုင်လုံခြံုရေးများ ဝင်ရောက်စီးနင်း ရိုက်နှက်ပြီး ရဟန်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူသံဃာတော်များသည် ရဟန်းတုများဖြစ်သည်ဟု သာသာနာရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ပြန်သည့် ကြေညာချက်နှင့် ပတ်သက်ပြီး မြန်မာပြည်သူလူထုအကြား နေရာအနှံ့ ပြန့်နှ့့ံနေပြီး ပြည်တွင်းရှိသံဃာများ လှုပ်ရှားမှုတွင် ခက်ခဲမှုများ ရှိနေကြောင်း မြန်မာပြည်တွင်းရှိ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မဇ္ဈိမကို ပြောသည်
“တကယ်တမ်းကျတော့ ရှေ့ကနေ လုပ်ပြီး နောက်ကနေ ပါလာအောင် လုပ်နေတယ်။ လူထုက စိတ်ဓါတ်တွေ တက်ကြွလာအောင် ကြိုတင်ပြင်ဆင်နေတာ။ ဦးဇင်းတို့က အထဲမှာ ဘေးပိတ်နံပိတ်နဲ့ လုပ်နေတာ။ လူထုနောက်ကနေ ပါလာရဲအောင် စိတ်ဓါတ် အသိတရားတွေ ရှိလာအောင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကင်ပိန်းတွေ လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒါလဲ မလုပ်နိုင်တော့ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ သပိတ်မှောက်ကံဆောင်မှုနှင့် ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအနေဖြင့် ပူးပေါင်းပါဝင်သွားမည်ဟု မြေအောက်လှုပ်ရှားနေသည့် ကျောင်းသားအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ပြောသည်။
“သံဃာတွေ သပိတ်ဆင်နွဲတယ်ဆိုရင် ဘယ်အတိုင်းအတာထိ လုပ်မှာလဲ။ ဘယ်လောက်ထိ ကျယ်ပြန့်လာမလဲ။ ဒါက ဦးဆောင်သံဃာတွေပေါ်မှပဲ မူတည်တယ်။ တကယ်ဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဗကသအနေနဲ့လည်း လူထုရှေ့ကနေ ထွက်လာမှာပဲ” ဟု သူက ပြောသည်။
နေပြည်တော် စစ်ရုံးသတင်းရပ်ကွက်တခုအရ သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း စစ်အစိုးရကလည်း ခန့်မှန်းထားပြီး စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။