ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွား

ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွား
by -
မုံပီး
ကိုးကန့်တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များအကြား သိသာစွာ တင်းမာမှုများ ဖြစ်ပွားနေခဲ့ပြီးနောက် ကြာသပတေးနေ့က တရုတ်-မြန်မာနယ်စပ်တလျှောက် အနည်းဆုံး နေရာ ၃ နေရာတွင် သီးခြားစီ တိုက်ပွဲများ ဖြစ်ပွား ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ ကိုးကန့်တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များအကြား သိသာစွာ တင်းမာမှုများ ဖြစ်ပွားနေခဲ့ပြီးနောက် ကြာသပတေးနေ့က တရုတ်-မြန်မာနယ်စပ်တလျှောက် အနည်းဆုံး နေရာ ၃ နေရာတွင် သီးခြားစီ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နယ်စပ်သတင်းရပ်ကွက်များအဆိုအရ ပထမတိုက်ပွဲမှာ တရုတ်-မြန်မာနယ်စပ်အနီး ရန်လုံစိုက်မြို့တွင် ဒေသစံတော်ချိန် နံနက် ရ နာရီက ဖြစ်ပွားခဲ့သည်။ နောက်တိုက်ပွဲတခုမှာ ဖုံကြားရှင် ခေါင်းဆောင်သော ကိုးကန့်တပ်က သူတို့နောက်မှ ထက်ကြပ်မကွာလိုက်နေသော စစ်အစိုးရတပ်ဖွဲ့များကို တောတွင်းတွင် ခြံုခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ထိုနေ့နောက်ပိုင်း ညနေခင်းအရောက်တွင် နယ်စပ်အနီး ချင်းရွှေဟော်မြို့နားတွင် နှစ်ဖက်တပ်များ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

''ကိုးကန့်နဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ စဖြစ်ပြီ'' ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ဦးအောင်ကျော်ဇောနှင့် အခြားအကဲခတ်များ၏အဆိုအရ အခြားအပစ်ရပ်အဖွဲ့များကဲ့သို့ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်တပ်ဖွဲ့က ငြင်းပယ်လိုက်ပြီးနောက် ကိုးကန့်သူပုန်များနှင့် တပ်မတော်တပ်ဖွဲ့များအကြား တင်းမာမှုများ ဖြစ်ပေါ်နေခဲ့သည်ဟု ဆိုသည်။ အဆိုပါနယ်ခြားစောင့်တပ်ဖွဲ့မှာ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည့်တပ်ဖွဲ့ ဖြစ်သည်။

ဖုန်ကြားရှင်နှင့် သူ၏ သစ္စာတော်ခံများက စစ်အစိုးရ၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်သော်လည်း စစ်အစိုးရကမူ သူတို့၏ အဆိုပြုချက်ကို လက်ခံလိုသည့် ဖုန်၏ လက်ထောက် ပိုင်စိုချိန်နှင့် ဖုန်တို့အကြား အကွဲအပြဲကို မြင်နေခဲ့သည်။

ဤသို့ အသွင်ပြောင်းလဲဖွဲ့စည်းရန် အပစ်ရပ်အဖွဲ့များကို ဆွဲဆောင်၍ မရသည့်အဆုံး ထိုအဖွဲ့များ နောက်ဆုံး အကြောင်းပြန်ရမည့် နေ့ရက်ကို စစ်အစိုးရက အောက်တိုဘာလအထိ ရွှေ့ဆိုင်းပေးခဲ့သည်။

ထိုအတောအတွင်း အစိုးရတပ်ဖွဲ့များက ကိုးကန့်အထူးဒေသ ၁ အတွင်းသို့ မူးယစ်ဆေးဝါး ပပျောက်ရေး အကြောင်းပြချက်ဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လောက်ကိုင်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ROC) တခုကို အခြေပြု ဖွင့်လှစ်ထားရှိခဲ့သည်။

အစိုးရတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖုန်၏ နေအိမ်ကို သြဂုတ်လ ၈ ရက်နေ့တွင်တကြိမ်၊ ၂၁ ရက်နေ့တွင်တကြိမ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ သို့သော် ၂ ကြိမ်စလုံးတွင် ဖုန်ကြားရှင်က လွတ်မြောက်အောင် ရှောင်ရှားသွားနိုင်ခဲ့သည်။

စီးနင်းမှုများအပြီး လားရှိုးရဲတပ်ဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့တွင် ဖုန်ကြားရှင်နှင့် သူ့ညီ အပါအဝင် သူ၏ လုပ်ဖော်ကိုင်ဘက် ၃ ဦးကို တရားရုံးရှေ့သို့ လာရောက်ရန် ဆင့်ဆိုခဲ့သည်။ အဆိုပါ ၄ ဦးက တရားရုံးရှေ့သို့ မလာရောက်သည့်နောက်ပိုင်း တရားရုံးက ဖုန်ကြားရှင်နှင့်အဖွဲ့ကို ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။

မြန်မာစစ်အစိုးရ အလိုရှိသည့် စာရင်းပါ ဖုန်ကြားရှင်နှင့် သူ့တပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က လောက်ကိုင်၏ မြောက်ဘက်သို့ ဆုတ်ခွာသွားရပြီး ကိုးကန့်မြို့တော်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရက ကိုးကန့်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တွင် ပိုင်စိုချိန်ကို ခေါင်းဆောင်တင်၍ အင်္ဂါနေ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

''ကိုးကန့်တပ်ဖွဲ့အများစုက ဖုန်ကြားရှင်နဲ့ ပေါင်းနေတယ်။ တပ်နည်းနည်းပဲ ပိုင်စိုချိန်နဲ့အတူ လောက်ကိုင်မှာ ရှိတယ်။ ပိုင်က တကယ်တော့ တပ်ရယ်လို့ မရှိပါဘူး'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တချိန်က အလွန်အင်အားကြီးမားခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ၏ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ခဲ့သော MNDAA ကိုးကန့်တပ်သည် ၁၉၈၉ ခုနှစ်တွင် BCP မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ထိုနှစ်တွင်ပင် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သည်။ အထူးဒေသအဖြစ် သတ်မှတ်ပေးခြင်းခံရကာ စီးပွားရေးလုပ်ခွင့် အများအပြား အပါအဝင် အထူးအခွင့်အရေးများ ခံစားခွင့်ရခဲ့သည်။

တရုတ်-မြန်မာနယ်စပ်ရှိ မဇ္ဈိမသတင်းထောက်ကမူ `ဖုန်ရဲ့ တပ်တွေက အခု တကယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ပျက်သွားပါပြီ။ သူတို့ အခု တောထဲမှာ ပုန်းပြီး နေနေရတာ'' ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကမူ ကိုးကန့်ဒေသတွင် တင်းမာမှုများ ဖြစ်ပွားနေသည်ကို သူသတိပြုမိပါကြောင်း၊ သူတို့သည် စစ်အစိုးရ၏ လှည့်ကွက်ဟောင်းကြီးဖြစ်သော သွေးခွဲအုပ်ချုပ်ရေး၏ သားကောင်များ ဖြစ်သွားကြရပြန်ကြောင်း ကြာသပတေးနေ့က ပြောဆိုခဲ့သည်။

''အဖွဲ့တွေကြားထဲမှာ ခွဲပစ်တာက စစ်အစိုးရရဲ့ နည်းပရိယာယ်ပဲ။ ကိုးကန့်တပ်ဖွဲ့တွေ ကျနော်တို့ဆီက ခွဲထွက်သွားပေမယ့် ကျနော်တို့က သူတို့ကို မိတ်ဆွေကောင်းတွေအဖြစ်ပဲ သဘောထားပါတယ်။ သူတို့ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတာကို ကြားရတော့ ကျနော်တို့ စိတ်မကောင်းပါဘူး''ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

သို့သော် စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်များ ရှိနေသေးသည့်အတွက်၎င်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် ပေါ်ပေါက်လာသည့် ပြည်တွင်း နိုင်ငံရေးပြဿနာများကို ဖြေရှင်းရဦးမည့်အတွက်၎င်း၊ ကိုးကန့်တပ်အပေါ် အကြမ်းပတမ်း ကိုင်တွယ်လိမ့်ဦးမည်ဟုတော့ သူ မထင်မြင်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လေ့လာသူ ဦးအောင်နိုင်ဦးက ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောကြားရာ၌ ကိုးကန့်ကိစ္စသည် စစ်အစိုးရအသုံးပြုသော နည်းပရိယာယ်၏ စံကျသော ဂန္ဓဝင်မြောက် နည်းပရိယာယ်တခုဖြစ်ပြီး ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) အပါအဝင် အခြားအပစ်ရပ်အဖွဲ့များအတွက်လည်း သူတို့အလှည့် လာတော့မည်ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရတော့မည်ဖြစ်သည်ဟု ပြောသည်။

UWSA နှင့် ကိုးကန့်တပ်ဖွဲ့များသည် တချိန်က ရန်ကုန်ရှိ စစ်အစိုးရကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ခဲ့သော အင်အားကြီးမားလှသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော် ဝ နှင့် ကိုးကန့်အဖွဲ့များက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ကြ၍ ပါတီမှာ အင်အားချိနဲ့သွားခဲ့ပြီး အဖွဲ့ဝင်အနည်းငယ်သာ ကျန်ခဲ့သည်။

Most read this week