နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်က မြန်မာ့အရေး မူဝါဒကို ပြန်လည်သုံးသပ်ရာတွင် ပြီးဆုံးတော့မည် ဖြစ်ကြောင်း ရန်ကုန်တွင် ရောက်ရှိနေသော အမေရိကန် အောက်လွှတ်တော်မှ ကျွမ်းကျင်အရာရှိ ၃ ဦးက ပြောဆိုသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ဆွေးနွေးခဲ့သူ အတိုက်အခံပါတီ အမျုုိးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးခန်းတွင် ပြုလုပ်သော အမေရိကန် အောက်လွှတ်တော် နို်င်ငံခြားဆက်ဆံရေး ကော်မတီမှ အရာရှိများနှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် အကြီးတန်းအရာရှိများ တွေ့ဆုံပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်ပြီး အိုဘားမား အစိုးရအနေဖြင့် မကြာမီ ထုတ်ပြန်ဖွယ်ရှိသည်ဟု ဆိုသည်။
'' မြန်မာပြည်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ပေါ်လစီ အပြောင်းအလဲ လုပ်မယ်ဆိုတာ ပြောနေသလို၊ ပေါ်လစီနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ ရှိနေတာ မှန်ကန်ပါတယ်။ '' ဟု ဒီချုပ် ပြန်ကြားရေးဌာန အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ယနေ့ ညနေ ၄ နာရီမှစတင်ကာ တစ်နာရီကြာ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပြင် ပါတီ သတင်းနှင့် ပြန်ကြားရေးမှ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးခင်မောင်ဆွေနှင့် ဦးလှမင်းတို့ တက်ရောက်ခဲ့သည်။
ဦးအုန်းကြိုင်က “မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ မသိသေးပါဘူး။ ကျနော်တို့သိချင်တဲ့ မေးခွန်းတွေ မေးပါရစေလို့ ပြောတယ်။ သူတို့က မေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ ကျော်ရှိတယ်လို့ ကြားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်းအခြေအနေ သိနိုင်ပါသလားမေးတော့ ကျနော်တို့ထဲက ဦးခင်မောင်ဆွေနဲ့ ကျနော်က ထောင်တွင်း အခြေအနေကို ပြန်ပြောပြခဲ့တယ်” ဟု ပြောသည်။
ဧည့်သည်တော်များက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စနှင့် ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။
ကိုယ်စားလှယ်အဖွဲ့သည် နာဂစ်မုန်တိုင်း တိုက်ခိုက်ရာ ဒေသများသို့ သွားရောက်ကြည့်ရှု့မည်ဖြစ်သလို အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။
အမေရိကန်၏ အများပြည်သူ သံတမန်ရေးရာနှင့် အထောက်အပံ့ပေးရေး အစီအစဉ် ပြန်လည်သုံးသပ်ရေး ဦးတည်ချက်ဖြင့် ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့သည် လေးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိင်ငံသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။