မိဘမဲ့ မုန်တိုင်းသင့်များအတွက် ဂီတပွဲ လန်ဒန်တွင် ကျင်းပမည်

မိဘမဲ့ မုန်တိုင်းသင့်များအတွက် ဂီတပွဲ လန်ဒန်တွင် ကျင်းပမည်
by -
နန်းဒေဝီ
ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် မိဘမဲ့ကလေးငယ်များအတွက် ရံပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲတခုကို လာမည့်တပတ် တနင်္လာနေ့တွင် လန်ဒန်မြို့၌ ကျင်းပသွားမည် ...

နယူးဒေလီ (မဇ္စျိမ)။      ။ ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် မိဘမဲ့ကလေးငယ်များအတွက် ရံပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲတခုကို လာမည့်တပတ် တနင်္လာနေ့တွင် လန်ဒန်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။

နာမည်ကြီး ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၊ တေးရေးဆရာနှင့် အဆိုတော် ဆောင်းဦးလှိုင်၊ ထွန်းအိန္ဒြာဗိုလ်၊ L ဆိုင်းဇီ၊ ရဲလေး၊ ဒီဂျေ ကိုတုနှင့်အတူ လန်ဒန်အခြေစိုက် မြန်မာတိုင်းရင်းသား လူငယ်တချို့နှင့် ဖွဲ့စည်းထားသည့် ‘The Occupiers Band’ တီးဝိုင်းတို့ ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“နာဂစ်ဒဏ်ခံနေရတဲ့ လူတွေအတွက်၊ အထူးသဖြင့် မိဘမဲ့ကလေးတွေအတွက် ရည်ရွယ်လုပ်တာ ဖြစ်ပါတယ်။ " ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်သူ ဒေါက်တာမြသန်းက မဇ္စျိမကို ပြောသည်။

ယခု Temptation 3 အတွက် လက်မှတ်တစောင်လျှင် ပေါင် ၂၀ သတ်မှတ်ထားရာ စောင်ရေ ၈၀၀ ကျော် ကြိုတင်ရောင်းချပြီးဖြစ်သည်။

“မှန်းရခက်ပါတယ်။ လက်မှတ်တွေက ရောင်းနေတုန်းဆိုတော့။ အဲဒီအကြားထဲမှာ သပ်သပ်အလှူငွေဆိုပြီး ဒီကလူတွေက ပေါင် ၁၀၀၊ ၂၀၀ ဆိုပြီး ထည့်တဲ့လူတွေလည်း ရှိတယ်။ ပွဲနေ့မှာ အလှူဆက်ကောက်ပါအုံးမယ်။ ဒါပေမဲ့ အရင်နှစ်က ရသလောက်ကို မှန်းထားပါတယ်” ဟု ပြောသည်။ ယခင်နှစ်က ပေါင် ၅ ထောင် လှူနိုင်ခဲ့ကြောင်း ထပ်လောင်းပြောသည်။

ရရှိမည့် အလှူငွေများကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းတချို့၊ ပုဂ္ဂလိက အလှူရှင် အဖွဲ့တချို့မှတဆင့် မိဘမဲ့ကလေးငယ်များကို ပေးလှူသွားမည်ဖြစ်သည်ဟု ဆိုသည်။

သီဆိုမည့် အဆိုတော်များသည် ယမန်နေ့က လန်ဒန်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ အဆိုတော်များအတွက် ကုန်ကျစရိတ်ကို ပွဲဖြစ်မြောက်ရေး လုပ်ကိုင်နေသူများက စေတနာဖြင့် ငွေကြေးထည့်ဝင်ခဲ့ကြသည်။

၂၀၀၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း၌ အသေအပျောက် ၂၀၀၈ လူဦးရေ ၁ သိန်း ၄ သောင်းခန့် ရှိခဲ့ပြီး၊ အိုးအိမ်မဲ့ ၂ သန်း ၄ သိန်းရှိခဲ့သည်။

Most read this week