တရုတ်နိုင်ငံက ထိုင်း၊ မြန်မာတို့နှင့် ကုန်သွယ်ရေး မြှင့်တင်မည်

တရုတ်နိုင်ငံက ထိုင်း၊ မြန်မာတို့နှင့် ကုန်သွယ်ရေး မြှင့်တင်မည်
by -
ဥဆာ ဖိချိုင်း
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တခု ထပ်မံဖွင့်လှစ်ရန် တရုတ်အရာရှိများက လိုလား ...

ချင်းမိုင် (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တခု ထပ်မံဖွင့်လှစ်ရန် တရုတ်အရာရှိများက လိုလားနေသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက်ရှိသော ယူနန်ပြည်နယ် ဆစ်ဆောင်ပဏ္ဏာတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် အခမ်းအနားတခုကို ထိုင်းနိုင်ငံ ပို့ကုန်မြှင့်တင်ရေးဌာနက ယနေ့တွင် ပြုလုပ်ခဲ့သည်။

ဤအခမ်းအနားကို ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Apmornphan Nimanan က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဆစ်ဆောင်ပဏ္ဏာဒေသတို့သည် ယဉ်ကျေးမှုအရ အလွန်နီးစပ်သည့် ဆက်နွယ်မှုများရှိကြောင်း ပြောကြားသွားခဲ့သည်။

ထို့ပြင် ယခုအခါ မဲခေါင်မြစ်ကြောင်းမှ ရေကြောင်းဖြင့် သက်တောင့်သက်သာ သွားနိုင်ပြီဖြစ်ပြီး ကုန်းလမ်းအဖြစ် R3A လမ်းဖြင့် ထိုင်း-လာအို-တရုတ် လမ်းကြောင်းနှင့် R3B လမ်းဖြင့် ထိုင်း-မြန်မာ-တရုတ်လမ်းကြောင်းအတိုင်း သွားလာနိုင်ပြီဟု အစိုးရ၏ ထိုင်းသတင်း ဗျူရိုဝဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

ယခင်ကလည်း ချင်းရိုင်ပြည်နယ်တွင် ထိုင်းအရာရှိများနှင့် ဆွေးနွေးရာ၌ ဆစ်ဆောင်ပဏ္ဏာ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ချင်မင် (Qian Min)က R3B သည် ပိုတိုသော လမ်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စစ်ဆေးရေးစခန်း အမြောက်အမြားရှိနေ၍ သယ်ယူပို့ဆောင်ရေးတွင် ကုန်ကျစရိတ် အလွန်များပြားစေသည်ဟု ပြောကြားခဲ့သည်။

''ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တရုတ်အရာရှိတွေက ကျိုင်းတုံမှာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမှာပါ။ မကြာခင် မိုင်းလား-တာ့လော် နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ဘို့လည်း ဆွေးနွေးသွားမှာပါ'' ဟု သူက ပြောသည်။ ကျိုင်းတုံသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း တည်ရှိသည်။

မြန်မာဘက်ခြမ်းမှ မိုင်းလား-တာ့လော် စစ်ဆေးရေးစခန်းသည် အပစ်ရပ်အဖွဲ့တခုဖြစ်သည့် ရှမ်းပြည်နယ် အထူးဒေသအမှတ် ၄ ဟု သိရှိကြသော စိုင်းလင်း ခေါ် လီမင်းရှင် ခေါင်းဆောင်သည့် အမျိုးသား ဒီိမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည်အရှေ့ (NDAA-ESS) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

R3A လမ်းသည် တရားဝင်အသုံးပြုနေသော လမ်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကုန်သွယ်ရေးကို အကျိုးဖြစ်ထွန်းစေလိမ့်မည်ဖြစ်ကြောင်း ဆစ်ဆောင်ပဏ္ဏာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ အုပ်ချုပ်ရေးမှူး တောက်လင်ယင်း (Dao Linyin) က မကြာသေးမီက ချင်းမိုင်မြို့တွင် ပြောကြားသွားသည်။

''တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့် ဆောင်ရွက်သွားပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အထူးအခွင့်အရေးတွေ ပိုမိုပေးအပ်သွားမှာပါ။ ဒေသန္တရအစိုးရက ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေဆိုရင်လည်း ကျမတို့ ဒီလိုပြဿနာတွေကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်'' ဟု သူမက ပြောသည်။

မူးယစ်ဆေးဝါးမှောင်ခိုမှု လျော့ကျစေရေးအတွက် ဤနယ်စပ်စစ်ဆေးရေးစခန်းကို တရုတ်အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုန်သွယ်ရေးနှင့် ကာစီနို လောင်းကစားလုပ်ငန်း အပါအဝင် အခြား စီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းသွားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းတက်လာပြီးနောက် ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပိတ်ပင်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ဆွေးနွေးညှိနှိုင်း၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးသည် တဖြည်းဖြည်း တက်လာပြီး ၂ဝဝ၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် ၆ဝ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၂၄ ရာခိုင်နှုန်းရှိပြီး၊ တရုတ်နိုင်ငံသည်လည်း ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်လာခဲ့သည်။

အလားတူပင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆၀၀၀ သန်းအထိ ရှိခဲ့သည်။ ယင်းသည် ၂၀၀၇ ခုနှစ်နှင့် စာလျှင် ၂၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် သိသာစွာ ကျဆင်းသွားခဲ့သည်။

Most read this week