ချင်းမိုင် (မဇ္စျိမ)။ ။ ထိုင်း-မြန်မာနယ်စပ် အနီးတွင် ပြီးခဲ့သည့်တပတ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေလျှှံမှုသည် အာဏာပိုင်များ၏ စွမ်းဆောင်ရည် မဲ့မှုနှင့် အရှက်မဲ့စွာ သတင်းအမှောင် ချထားမှုကို ပေါ်လွင်စေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထောက်ပြ ပြောဆိုလိုက်သည်။
ဒေသတွင်းရှိ သဘာပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ကိုင်နေသော ဘန်ကောက်အခြေစိုက် “သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေးနှင့် ဒေသဆိုင်ရာ မဟာမိတ်များသို့“ (Towards Ecological Recovery and Regional Alliance) အဖွဲ့နှင့် ချိတ်ဆက်ထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား “ဝတ်သွန် ပန်ပွန်ဆာချာရီယွန်“ က မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ကချနာဘူရီခရိုင်ရှိ ဆရီကကာရင်ဆည် ရေလျှံမှုကြောင့် ဒေသတွင်းရှိ ကျေးရွာအများအပြား ထိခိုက်ခဲ့သည်ဟု ပြောသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အာဏာပိုင်များထံမှမူ မရရှိနိုင်ခဲ့ပေ။
“လျှော်ကြေးတွေပေးဖို့ လိုနေပြီဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ဆိုင်တဲ့ အချက်တွေကို ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နဲ့ ထိုင်း ရေနံအာဏာပိုင်အဖွဲ့ (လောလောဆယ်တွင် PTT ကုမ္ပဏီလီိမိတက်) တို့မှ ရှင်းလင်းပေးဖို့က အရမ်း အရေးကြီးနေပြီ။ အစောပိုင်းက ဒီရေကာတာဟာ မြေငလျင်လှုပ်တာကို လုံးဝခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒါအပြင် ရေကာတာဆောက်လုပ်ရာမှာ ဒေသတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကိုလည်း လေ့လာမှု မရှိခဲ့ပါဘူး“ ဟု ဝတ်သွန်က ပြောသည်။
“ကျေးရွာ အတော်များများကို ထိခိုက်စေပေမယ့် သတင်းဌာန တော်တော်များများကလည်း အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ လုပ်ရမယ့်ဟာတွေကို စိတ်ဝင်းစားပုံ မရကြဘူး“ ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်တွင် ဆက်တိုက်ဆောက်လုပ်ရန် စီစဉ်ထားသော ရေကာတာများသည်လည်း ငလျင်အန္တရာယ် ရှိနေကြသည်ဟု ဝတ်သွန်က ထောက်ပြသွားသည်။
“အာဏာပိုင်တွေက အင်ဂျင်နီယာ နည်းပညာတွေနဲ့ ဒီပြသာနာတွေကို ဖြေရှင်းနိုင်မယ်၊ ရစ်ချတာ စကေး ရ လောက် မြေငလျင်ကို ကောင်းကောင်းခံနိုင်အောင် လုပ်နိုင်တယ်လို့ ပြောပေမယ့်လည်း ငလျင်က အဲဒီထက် မပြင်းဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ“ ဟု သူက ဆိုသည်။
ယခုဖြစ်ရပ်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းပင်လယ်ကွေ့ရှိ ဘန်ကောက်နှင့် မြန်မာနိုင်ငံ ရတနာလုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှုအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှု၏ နောက်ဆက်တွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ရပ်သွားသဖြင့် ထိုင်းနိုင်ငံအနောက်ပိုင်းတွင် စွမ်းအင်ပြတ်တောက် မသွားစေရန် (Eegat) က မြန်မာနယ်စပ်နှင့်ကပ်နေသော ကချနာဘူရီ ခရိုင်ရှိ ဆရီနာကာရင်ဆည်မှ ရေများကို စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရ၍ ဒေသတွင်းရှိ ကျေးရွာပေါင်း ရာနှင့်ချီကာ ထိခိုက်ခဲ့ရသည်။
ထိုင်းဝန်ကြီးအဖွဲ့အား နည်းပညာပြဿနာကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ဟု အစီရင်ခံခဲ့ကာ ဝန်ကြီးအဖွဲ့ကလည်း ထိုသို့ပင် လက်ခံခဲ့သည်။
မောင်းခရိုင်အတွင်းရှိ ကျေးရွာ ၈ ရွာနှင့် အပန်းဖြေဟိုတယ် ၃ လုံးအပါအဝင် အပျော်စီး လှေလုပ်ငန်း အနည်းငယ်နှင့် စိုက်ပျိုးမြေများ ရေလွှမ်းမိုးထိခိုက်ခဲ့ရသည်။
ဆရီနာကာရင်ဆည်မှ ရေများ ရုတ်တရက် စီးထွက်လာမှုကို စစ်ဆေးနိုင်ရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းထားကြသည်။
ဒုတိယအမြဲတမ်း အတွင်းရေးမှူး နော်ခမ်စစ်သီဖွန်းက ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး စုံစမ်းရန် ရ ရက် အချိန်ပေးထားကာ အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။
“ကော်မတီက ရေတွေကို ဘာကြောင့် ဖွင့်ချခဲ့ရတယ်ဆိုတာနဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်မတော်ဆိုတာကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ရေးစနစ်တွေပါ တပါထဲ ရှာဖွေပြီး ဖော်ပြရမှာ ဖြစ်ပါတယ်“ ဟု သူက မြေငလျင်ကြောင့် ရေကာတာမှ ရေကြီးရသည်ဆိုသော အချက်ကို ငြင်းဆိုရင်း ပြောသွားသည်။