ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI သည် လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ရန်ကုန်နှင့် ဗုဒ္ဓဂါယာသို့ ပြေးဆွဲတော့မည်ဟု လေကြောင်းလိုင်းက သတင်း ထုတ်ပြန်လိုက်သည်။
ရန်ကုန်-ဂါယာ ခရီးစဉ်ကို တပတ်လျှင် ၂ ရက် (ဗုဒ္ဓဟူးနှင့် စနေ့နေ့တွင်) ပြေးဆွဲ ပေးသွားမည်ဖြစ်ပြီး၊ လက်မှတ်ခကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း နိုင်ငံပိုင် လေကြောင်းလိုင်း၏ လက်မှတ်အရောင်းဌာနက ပြောသည်။
“ဗုဒ္ဓဂါယာ ဘုရားဖူးတွေ များလာလို့ အခုလို စီစဉ်ရတာပါ။ လောလောဆယ်တော့ နှစ်ရက် အရင်ဆွဲကြည့်မယ်။ ဒါကို စီးတဲ့သူတွေ များလာတယ်ဆိုရင် ရက်ထပ်ချဲ့ပြီး ဆွဲပေးမယ်” ဟု အရောင်းဌာနမှ မမီးမီးက ပြောသည်။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှစပြီး ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဂါယာသို့ မြန်မာနိုင်ငံမှ ဘုရားဖူးသွားသူ အရေအတွက် များပြားသည်ဟု နီလာ ဗုဒ္ဓဂါယာ ဘုရားဖူး ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦး အပြောအရ သိရသည်။
“ဘုရားဖူးသွားမယ့်သူတွေ လေယာဉ်တစီးနီးပါး ရှိလာရင်တော့ ကျနော်တို့က စင်းလုံးငှား လေယာဉ်နဲ့ တိုက်ရိုက် စီစဉ်ပေးပါတယ်။ နည်းနည်းပါးပါး ဆိုရင်တော့ အခု ကာလကတ္တားကနေ တဆင့် သွားရပါတယ်။ ၁၀ ရက် ဘုရားဖူး ခရီးစဉ်ဆိုရင်တော့ မြန်မာငွေ ၉ သိန်းကျော်ဝန်းကျင် ယူပါတယ်” ဟု သူက ပြောသည်။
MAI သည် လာမည့်ခရီးသွား ပွင့်လင်းရာသီမှစပြီး လက်ရှိ ပြေးဆွဲနေသော ဘန်ကောက်နှင့် ကွာလာလမ်ပူ ခရီးစဉ်များကိုလည်း ရက်တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို တပတ်လျှင် ၅ ရက်မှ ရ ရက်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို တပတ်လျှင် ၄ ရက်မှ ၅ ရက်အထိ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
MAI သည် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် လေယာဉ်အသစ်များ ဝယ်ယူရန် စီစဉ်နေပြီး ရပ်နားထားရသော အဲယားပုဂံ လေကြောင်းလိုင်းမှ လေယာဉ်များ ကိုလည်း ငှားရမ်းသုံးစွဲရန် ညှိနှိုင်းနေသည်ဟု အဆိုပါ လေကြောင်းလိုင်းမှ သတင်းရပ်ကွက်တခုအရ သိရသည်။
မြန်မာနိုင်ငံမှ ကွမ်ကျိုး၊ ကူမင်း၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်္ကာပူ၊ ကာလကတ္တား၊ ထိုင်ဝမ်သို့ တိုက်ရိုက် လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိပြီး မကြာမီ မန္တလေး-ချင်းမိုင်၊ ရန်ကုန်-ဂါယာခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ကာ တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ဗီယက်နမ်၊ ဂျပန်သို့လည်း လေကြောင်းလိုင်းများ တိုးချဲ့ရန် ညှိနှိုင်းလျက် ရှိသည်ဟု မြန်မာ့လေကြောင်းမှ စုံစမ်းသိရှိရသည်။