နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၏ ဂျပန်နိုင်ငံ ခရီးစဉ်သည် ဂျပန်နှင့် မြန်မာ ဗိုလ်ချုပ်များအကြား ဂျပန်ဘက်မှ ဆက်လက် ထိန်းသိမ်းထားသော နွေးထွေးသည့် ဆက်ဆံရေး၏ နောက်ထပ် လက္ခဏာတခုပင် ဖြစ်သည်။
ဗိုလ်ချုပ် ဦးဌေးဦးသည် စစ်အစိုးရလိုလားသော အရပ်သား အဖွဲ့တခုဖြစ်သည့် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း“ ၏ အတွင်းရေးမှူး တဦးလည်းဖြစ်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ချေများကို လေ့လာရန်ဟုဆိုကာ ဂျပန်နိုင်ငံသို့ လာရောက်သော အဖွဲ့ကိုလည်း ဦးဆောင်လာသူ ဖြစ်သည်။
“ဒါပေမဲ့ ဒါက အကြောင်းပြချက် ဆင်ခြေသက်သက်ပါ။ ဒီခရီးစဉ်ဟာ အများကြီး အကုန်အကျခံထားတဲ့ ခရီးစဉ်ပါ။ ကျမ ထင်တာကတော့ ဒါဟာ ဂျပန်ကစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် “ဒီမိုကရေစီသို့ လမ်းပြမြေပုံ“ ကို ထောက်ခံပါတယ်လို့ ပြောလိုက်တဲ့ နည်းလမ်းတခုပါပဲ“ ဟု မြန်မာနိုင်ငံအကြောင်းကို လေ့လာနေသူ ဂျပန်သုတေသနပညာရှင် ယူကီအာကီမိုတိုက ပြောသည်။
အာကီမိုတိုက ယခုခရီးစဉ်သည် စစ်အစိုးရက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော စီရင်ချက်နှင့်ပတ်သက်၍ အလွန်တရာ စိတ်ပျက်မိပါကြောင်း ဖော်ပြထားသော ဂျပန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်အား ပြန်လည်၍ ပျော့ပြောင်းအောင် ပြုလုပ်သော ဂျပန်အစိုးရ၏ အပြုအမူပင်ဖြစ်ကြောင်း ပြောသည်။
“တချိန်တည်းမှာပဲ၊ ဂျပန်အစိုးရဟာ စစ်အစိုးရနဲ့ အထူးဆက်သွယ်မှု လမ်းကြောင်းတခုကို အမြဲထိန်းသိမ်းထားပြီး၊ စီရင်ချက်နဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေကထုတ်တဲ့၊ ပြင်းထန်တဲ့ ကြေညာချက်တွေနဲ့ ပူးပေါင်းလိုက်သလို လုပ်ခြင်းအားဖြင့် အဲဒီလမ်းကြောင်းကို အဆုံးအရှုံး မခံနိုင်ပါဘူး“ဟု သူမက ထပ်ပြောသည်။
အလားတူပင် တိုကျိုရှိ မြန်မာရုံးမှ တာဝန်ခံ ဒေါက်တာမင်းညိုကလည်း ယခုရီးစဉ်၏ မထင်မရှား ဖြစ်နေရခြင်းကပင် ဂျပန်-မြန်မာ ဆက်ဆံရေး၏ နွေးထွေးနေမှုကို ဖော်ပြနေသည်ဟု ပြောသည်။
“သူတို့ (ဗိုလ်ချုပ်ဌေးဦးနှင့် အဖွဲ့) ဒီမှာ အရေးကြီးတဲ့ သူတွေနဲ့ တွေ့တောင်တွေ့နိုင်မယ်လို့ ကျနော်တော့ မထင်မိဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ နိုင်ငံရေးသမားတိုင်းက ရွေးကောက်ပွဲ မဲဆွယ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေကြတယ်လေ။ ဒါပေမဲ့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးရဲ့ အစိတ်အပို်င်းတခု ဆိုတာကိုတော့ အသေအချာပြောနိုင်ပါတယ်“ ဟု ဒေါက်တာမင်းညိုက ပြောသည်။
ဂျပန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးလှူနေသော အလှူရှင်ဖြစ်ကာ၊ မြန်မာဗိုလ်ချုပ်များနှင့် ကောင်းမွန်သော ဆက်ဆံမှုကို ထိန်းသိမ်းထား၍ ၂၀၁၀ ရွေးကောက်ပွဲအတွက် အနည်းဆုံး မြန်မာအရာရှိ ၅ ဦးကို ခေါ်ယူကာ ရွေးကောက်ပွဲဆိုင်ရာများကို လေ့ကျင့်ပေးနေသည်ဟု ဆိုကြသည်။
မြန်မာနှင့်နီးကပ်သော ဆက်ဆံရေးပေါ်လစီ ရှိနေသော်လည်း ဂျပန်သည် စစ်အစိုးရ ဗိုလ်ချုပ်များမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမှတ်ခဲ့ခြင်းအပေါ် အပြည်အပြည်ဆိုင်ရာမှ ဝေဖန်ခဲ့ကြခြင်းတွင် ပါဝင်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်မချခင်ကတော့ ဂျပန်ဟာ စစ်အစိုးရကို ဝေဖန်တာမျိုး မပြုလုပ်ဘဲ ရှောင်နေခဲ့ပေမယ့် စီရင်ချက် ချအပြီးမှာတော့ လိုက်ပါ ဝေဖန်လာခဲ့တယ်။ ကျနော် ထင်တာတော့ သူတို့အားလုံးတော့ ကျေနပ်ကြမှာ မဟုတ်ပါဘူး“ ဟု သူက ထပ်ပြော၏။
ယခုခရီးစဉ်သည် ၄ နှစ်အတွင်း ဂျပန်သို့ လာရောက်သော ပထမဆုံး မြန်မာ အဆင့်မြင့်အရာရှိ ခရီးစဉ်ဖြစ်သော်လည်း ဒေါက်တာမင်းညိုက ၎င်း၏ ထင်ရှားသိသာ အရေးပါမှု သိပ်မရှိဟု မြင်သည်။
ဆက်လက် လုပ်ဆောင်နေသော ရွေးကောက်ပွဲနှင့်ဆိုလျှင် ဂျပန်အာဏာရရော၊ အတိုက်အခံပါတီများမှပါ ဝန်ကြီးများ အနေနှင့် သူတို့၏ မိတ်ဆွေ မြန်မာများကို အဆင်ပြေအောင် လုပ်ပေးရန် အလွန်ပင် ခက်ခဲလိမ့်မည်ဟု သူက ပြောသည်။
သို့သော်လည်း အာကီမိုတိုက ယခုခရီးစဉ်သည် ဂျပန်အစိုးရသစ်အား သူတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော လက်ရှိပေါ်လစီကို မပြောင်းလဲစေရန်အတွက် ဆွဲဆောင်ရန် ဗိုလ်ချုပ်များမှ လာရောက်ကြိုးစားသော ခရီးစဉ်တခု ဖြစ်နိုင်သည်ဟု သူမက ယုံကြည်ပါသည်ဟု ပြောသည်။
“ဂျပန်အစိုးရက (ယခုခရီးစဉ်အား ကူညီပံ့ပိုးပေးခြင်းဖြင့်) ဦးဌေးဦးမှ မြန်မာနိုင်ငံအပေါ် ဂျပန်၏ မူဝါဒ မပြောင်းလဲစေရန် အမတ်များကို ပြောပြစည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်နေပါလိမ့်မည်“ ဟု အာကီမိုတိုက ပြောသည်။
ဂျပန်အတိုက်အခံပါတီ ဂျပန်ဒီမိုကရက်တစ်ပါတီကလည်း လက်ရှိရွေးကောက်ပွဲ အနိုင်ရရှိရေးကိုသာ တွက်ဆနေပြီး၊ နောက်သက်တမ်းတွင် အစိုးရဖွဲ့နိုင်ရန်သာ မျှော်လင့်နေသည်။
တချိန်တည်းမှာပင် တိုကျိုရှိ မြန်မာတက်ကြွလှုပ်ရှားသူ အုပ်စုတစုက ဗိုလ်ချုပ်ဌေးဦး၏ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးရှေ့တွင် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။