ရှမ်းအိမ် သုံးရာကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီး

ရှမ်းအိမ် သုံးရာကျော်ကို တပ်မတော်က မီးရှို့ဖျက်ဆီး
by -
မျိုးကြီး
ရှမ်းပြည် (တောင်ပိုင်း) ရှိ မြို့နယ်များအတွင်းမှှ အိမ်ခြေ ၃၀၀ ကျော်ကို ဒေသတွင်း အခြေစိုက် မြန်မာ့တပ်မတော် စစ်ကြောင်းများက လွန်ခဲ့သည့်လအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန် ...

ရွှေလီ (မဇျွိမ) ။     ။ ရှမ်းပြည် (တောင်ပိုင်း) ရှိ မြို့နယ်များအတွင်းမှှ အိမ်ခြေ ၃၀၀ ကျော်ကို ဒေသတွင်း အခြေစိုက် မြန်မာ့တပ်မတော် စစ်ကြောင်းများက လွန်ခဲ့သည့်လအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့က စတင်၍ှ အိမ်ခြေ ၃၀၀ ကျော်ကို အစိုးရစစ်တပ် တပ်ရင်း ၆ ရင်းက မီးရှို့ခဲ့ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) ၏ နိုင်ငံရေး ဦးဆောင်ကောင်စီဖြစ်သည့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ - RCSS က ယခုလ ၂၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့အစည်းတွေကို အထူးသဖြင့် အာဆီယံနဲ့ UN လူ့အခွင့်အရေးအဖွဲ့တွေ သိစေချင်တယ်။ နအဖ စစ်အုပ်စုက ရှမ်းပြည်သူပြည်သားများ အပေါ်ရော၊ မြန်မာ ပြည်သူပြည်သားများ အပေါ်မှာရော လူ့အခွင့်အရေး ချိုးဖောက်နေတာကို ရပ်တန်းကရပ်ဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်” ဟု ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် ပုန်ကန်နေသော SSA (S) ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က မဇျွိမကို ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်အလယ်ပိုင်း ဒေသ၌ နအဖ စစ်တပ်နှင့် SSA (S) တပ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့သည်။ ကျေးရွာသားများသည် ရှမ်းသူပုန်များကို အားပေးအားမြှောက် ပြုသည်ဟုဆိုကာ ဒေသခံများနှင့် လက်နက်ကိုင် သူပုန်တို့အကြား အဆက်အသွယ် ပြတ်တောက်ရေး ဖြတ်လေးဖြတ် မူဖြင့် ရွာများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မီးရှို့ရွှေ့ပြောင်းခိုင်းခံရသည့် ကျေးရွာများမှာ ရှမ်းပြည် (တောင်ပိုင်း) မှ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲခြား၊ ပင်လုံ၊ နမ့်ပန်၊ မိုးနဲနှင့် ကွန်ဟိန်းမြို့နယ်များရှိ ရွာပေါင်း ၄၀ ကျော်မှဖြစ်ပြီး၊ ဒေသခံပြည်သူများမှာ တောတွင်း၌ပင် လှည့်လည်ပုန်းအောင်းနေကြောင်း သိရသည်ဟု စိုင်းလောဝ်ဆိုင်က ပြောသည်။

လဲခြားမြို့နယ် တပ်မောက်၊ ဝမ်ဟိုလုံးရွာတွင် အိမ်ခြေ ၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း - ခလရ ၁၂ မှ ဗိုလ်မှူးကျော်သူလှနှင့် ဗိုလ်မှူးဇော်မျိုး ဦးစီးသည့် စစ်ကြောင်းများက ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မဇ္ဈိမအထောက်တော်များက မှတ်တမ်းတင် ဗီဒီယို ဓာတ်ပုံများဖြင့် သီးခြားသတင်း ပေးပို့ချက်တခုတွင် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာကို ဇူလိုင်လ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၁၅၄ လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး လူ ၆၄၁ ယောက် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း ပါရှိသည်။

ဆုံးရှုံးမှုတွင် ဆန်စက်ငယ်တလုံး၊ ဆိုင်ကယ် ၆ စီး၊ ထော်လာဂျီတစီးနှင့် နွားလှည်း အစီး ၅ဝ လည်းပါရှိရာ ရွာသူ ရွာသားများမှာလည်း ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

အိုးအိမ်မဲ့ ဒုက္ခသည်များမှာ နီးစပ်ရာကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် မိုင်းကိုင်မြို့ပေါ်ရှိ အမျိုးအဆွေများထံတွင် ကပ်နေကြရသည်။

”ထွက်ပြေးရတာ၊ ဘာမှ မယူနိုင်ဘူး။ အဝတ်အစားလောက်၊ အိုးခွက်လောက်ပဲ သယ်ရတယ်။ စပါးတွေဆို အကုန်ကုန်တာ” ဟု အခြေအနေကို စောင့်ကြည့်နေသူ မဇ္ဈိမ သတင်းထောက်တဦးက ပြည်တွင်းမှ သတင်းပေးပို့သည်။

၁၉၉၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ရှမ်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းများ ပြုစုထားပြီးဖြစ်ကြောင်း စိုင်းလောဝ်ဆိုင်က ပြောကြားလိုက်ရင်း “စစ်အစိုးရက စနစ်တကျနဲ့ ရှမ်းပြည်သူများကို ဖြတ်လေးဖြတ် စီမံကိန်း ပြုလုပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်နေတာဆိုရင် ပြောင်းရွှေ့ရတဲ့ ရွာပေါင်းက ထောင်နဲ့ချီပြီး ရှိပါတယ်။ နောက်ပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရှမ်းပြည် တိုင်းရင်းသားများဟာ ၂ သန်းနီးပါး ရှိပါတယ်”ဟု ဆိုသည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် အမျိုးသမီးပေါင်း ရ၁၈ ဦးရှိခဲ့ပြီး၊ အမျိုးသမီး ၁၂ ဦးမှာ အသက်ပါ ဆုံးရှုံးခဲ့သည်ဟု RCSS ကြေညာချက်က ဆိုသည်။

Most read this week