နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြံုရေး ကောင်စီအနေဖြင့် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးရမည့်အချိန် ကျရောက်နေပြီဟု ကင်ပိန်းလှုပ်ရှားသူများက ပြောဆိုလိုက်ကြသည်။
မကြာသေးခင်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်လိုက်ခြင်း၊ တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် တိုင်းရင်းသား လူနည်းစုများအား မျိုးတုံးသတ်ဖြတ်နေခြင်းတို့ဖြင့် စစ်အစိုးရသည် သူတို့၏ ရက်စက်မှု၊ ခေါင်းမာမှုတို့ကို ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်ကာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခဲ့သည်ဟု ကင်ပိန်းလှုပ်ရှားသည့် အဖွဲ့ ၃ ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့ ၃ ဖွဲ့အနက်မှ တဖွဲ့ဖြစ်သည့် စင်ပြိုင်အာဆီယံအဖွဲ့ (Altsean Burma) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) က ထိုသို့ စုံစမ်းရေးကော်မရှင်တရပ်ကို လုံခြံုရေးကောင်စီက ဖွဲ့စည်းပါရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ရှုတ်ချကြောင်း စကားလုံးများဖြင့်သာ ပြောဆိုနေသော်လည်း စစ်အစိုးရက မြန်မာနိုင်ငံတွင်းတွင် အပြောင်းအလဲများ လုပ်ဆောင်လာအောင် လက်တွေ့ တွန်းအားပေးသည့်အလုပ်များကို အနည်းငယ်မျှသာ လုပ်ခဲ့သည်ဟု သူမက ပြောသည်။
`ဒီအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်ခံနေတာ ရပ်ဆိုင်းပြီး သူတို့ကို ရင်ဆိုင်ဘို့ အချိန်ကောင်းပါပဲ´ ဟု စတော့ဟတ်က ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။
စင်ပြိုင်အာဆီယံ (Altsean Burma) ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း (FIDH) ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) တို့က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်အပြီး စစ်အစိုးရအပေါ် နောက်ထပ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU) ကို သူတို့၏ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုချက်အား ထောက်ခံပါရန် ပန်ကြားတောင်းဆိုလိုက်သည်။
မြန်မာပြည်တွင်း ဆိုးရွားလာနေသော လူ့အခွင့်အရေး အခြေအနေများ၊ တိုင်းရင်းသားလူမျိုးစုများအပေါ် ဆက်လက်ကျူးလွန်နေသော ယုတ်မာရက်စက်မှုများနှင့် နှိုင်းစာလျှင် ဥရောပသမဂ္ဂ - အီးယူ၏ ပိတ်ဆို့အရေးယူမှု အသစ်သည် လုံလောက်မှုမရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
`ဤပိတ်ဆို့အရေးယူမှုများသည် အီးယူ၏ ယခုပြဿနာအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးလိုသည့် နိုင်ငံရေးအရ ဆန္ဒမရှိခြင်းကို ထင်ဟပ်ဖော်ပြနေခြင်းဖြစ်ပြီး၊ သူတို့အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နိုင်သည်ဟု စစ်အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားစေပါတယ်´ ဟု FIDH ၏ ဥက္ကဋ္ဌ Souhayr Belhassen က ကြေညာချက်တွင် ပြောဆိုထားသည်။
ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ၂ လကျော်ကြာ စစ်ဆေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို သြဂုတ်လ ၁၁ ရက်နေ့က အမိန့်ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်၍ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။
ထို့နောက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံးအမိန့်ကို သူ၏ အထူးအမိန့်ဖြင့် ပြင်ဆင်ပြောင်းလဲကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ကျန်ထောင်ဒဏ်တဝက်ကိုလည်း သူမ၏ နေအိမ်တွင်ပင် နေထိုင်၍ ကျခံခွင့်ပြုလိုက်သည်။ ထို့ပြင် ကောင်းမွန်စွာ နေထိုင်ပါက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟုပါ ဖော်ပြထားသည်။
ထိုသို့ စီရင်ချက်ချမှတ်ပြီးနောက် နိုင်ငံအများအပြားက ကြေညာချက်များ ထုတ်ပြန်ကာ စစ်အစိုးရကို ရှုတ်ချကန့်ကွက်ခဲ့ကြသည်။ နိုင်ငံအနည်းအကျဉ်းကသာ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်အပေါ် လျှော့ပေါ့ပေးကာ သက်ညှာပေးခဲ့ခြင်းကြောင့် စစ်အစိုးရကို ထောက်ခံကြိုဆိုခဲ့ကြသည်။
`အီးယူအနေဖြင့် နအဖ (စစ်အစိုးရ) ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဟန်ပြသက်ညှာမှုကို ကြည့်ပြီး အရူးလုပ်မခံသင့်ဘဲ၊ နအဖ အနေဖြင့် သူတို့၏ မဟာဗျူဟာဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းမှ ဖျောက်ထားလိုသည့် အချက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် တချိန်တည်းတွင် နအဖ သည် ဒီမိုကရေစီသို့ ရှေးရှုသွားနေပါသည်ဟု ကမ္ဘာကို ပြသနိုင်ခဲ့ပြီးဖြစ်ကြောင်း။ မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အချိန် နအဖ က ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို မည်သို့ ယုံကြည်လက်ခံနိုင်ပါမည်လဲ´ ဟု စတော့ဟတ်က မေခွန်းထုတ်သွားသည်။
စစ်အစိုးရတပ်သားများက နောက်ထပ် ယုတ်မာရက်စက်မှုများကို ကျူးလွန်နေသည့်အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ထောင်ပေါင်းများစွာသော တိုင်းရင်းသားနိုင်ငံသားများမှာ မိမိအိုးအိမ်ကို စွန့်ခွာထွက်ပြေးနေကြရသည်ဟု စတော့ဟတ်က ပြောသည်။
`အကယ်၍ စစ်အစိုးရသာ အပြောင်းအလဲများကို ရိုးရိုးသားသား အမှန်တကယ် အကောင်အထည်ဖော်ချင်သည့် ဆန္ဒရှိလျှင် တိုင်းရင်းသားများကို သတ်ဖြတ်နေခြင်းအား ရပ်ဆိုင်းပစ်ရမည်။ မြန်မာ့နိုင်ငံရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အရေးတခုတည်းမဟုတ်၊ တိုင်းရင်းသား လူမျိုးစုများ၏ အရေးလည်း ဖြစ်သည်´ ဟု စတော့ဟတ်က အထူး အလေးပေး ပြောကြားသွားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂသည် စစ်အစိုးရအား သူတို့၏ အမူအကျင့်များ ရပ်တန်းက ရပ်ရေးအတွက် ထိရောက်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဟုလည်း စတော့ဟတ်က ဆက်လက်ပြောဆိုခဲ့သည်။
`ကုလသမဂ္ဂမှာ နအဖ (SPDC) အပေါ် ဖိအားနည်းနည်းပဲ ဒါမှမဟုတ် လုံးလုံးကို မရှိတာ။ နအဖ ကလည်း သိတယ်၊ သူတို့ ဒီအတိုင်း အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှာ ဆက်ကစားနေလို့ ရတယ်ဆိုတာကို´ ဟု သူမက စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟူသော အမည်ကို ရည်ညွှန်း၍ ပြောကြားသွားသည်။
ထိုအတောအတွင်း အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ တရားရေးဗဟိုဌာန (GJC) ကလည်း သတင်းကြေညာချက်တစောင် ထုတ်ပြန်၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာပေါ်တွင် တဦးတည်းသော အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက စီရင်ချက်ချမှတ်လိုက်သည့်အပေါ် တုံ့ပြန်ပြောကြားပုံနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချလိုက်သည်။
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချလိုက်သည့်အပေါ် ပြောကြားလိုက်သည့် မှတ်ချက်စကားသည် ကုလပဋိဉာဉ်စာတမ်းပါ သူ၏ လုပ်ပိုင်ခွင့်နှင့် လုံးဝပင် ကွဲလွဲနေသည်ဟု GJC က ပြောဆိုလိုက်သည်။
`ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ အခုရှိနေတဲ့ ဒီအကြောင်းအချက်တွေအရနဲ့ နိုင်ငံတကာ ဥပဒေအရ ကုလအတွင်းရေးမှူးချုပ် လုပ်ရမှာက အပြစ်ရှိသူတွေ အပြစ်က လွတ်နေတာတွေကို ရပ်တန့်သွားအောင် တောင်းဆိုဘို့ ဖြစ်တယ်။ `စိတ်ပျက်မိကြောင်း´ `ရင်ကြားစေ့ရေး´ကို တောင်းဆိုကြောင်း တွေ ပြောနေဘို့ မဟုတ်ဘူး´ ဟု GJC က သူတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဤစီရင်ချက်အပေါ် `စိတ်ပျက်ကြောင်း´ `အံ့သြတုန်လှုပ်မိကြောင်း´ တွေ ပြောနေမည့်အစား မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC)သို့ လွှဲအပ်ဆောင်ရွက်စေသင့်ကြောင်း GJC က ကြေညာချက်တွင် ပြောဆိုထားပြီး အဆုံးသတ်တွင် ဘန်ကီမွန်း၏ မှတ်ချက်စကားသည်`ဥပဒေစိုးမိုးမှုကို လျော့ပါးထိခိုက်စေကြောင်း´ ပြောဆိုထားသည်။