ရန်ကုန် ယူနိုက်တက် ထိုင်းသို့ ထွက်ခွာ

ရန်ကုန် ယူနိုက်တက် ထိုင်းသို့ ထွက်ခွာ
ချစ်ကြည်ရေး ဘောလုံးပွဲများ ကစားမည့် ရန်ကုန် ယူနိုက်တက် FC ဘောလုံးအသင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီ ...

ချင်းမိုင် ။     ။ ချစ်ကြည်ရေး ဘောလုံးပွဲများ ကစားမည့် ရန်ကုန် ယူနိုက်တက် FC ဘောလုံးအသင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီ ဖြစ်သည်။

နံနက် ၉ နာရီခွဲတွင် ဘန်ကောက်သို့ ထွက်ခွာသည့် ထိုင်းလေကြောင်းပိုင် TG 305 တွင် ကစားသမား ၂၂ ဦး၊ နည်းပြ ဦးမျိုးလှိုင်ဝင်းနှင့် တနှစ်လျှင် ဒေါ်လာ ရ၀၀၀ ဖြင့် ငှားရမ်းထားသည့် ပြင်သစ် နည်းပြဆရာလည်း လိုက်ပါသွားသည်။

''မနက်က လေယာဉ်လက်မှတ်က ၂၄ ယောက်စာပဲ ရတော့ အရေးကြီးတဲ့ ပလေယာ (ကစားသမား) ပဲ ထည့်ပေးလိုက်ရတယ်။ ကျနော်တို့က နောက်က လိုက်မယ်'' ဟု အသင်းမန်နေဂျာ ဦးအောင်ကျော််လွင်က မဇ္စျိမကို ပြောသည်။

ညနေပိုင်း လေယာဉ်နှင့်အတူ မန်နေဂျာ၊ ပြည်တွင်းသတင်းထောက် ၂ ဦး၊ အလုပ်အမှုဆောင် အရာရှိချုပ် ဦးစိုင်းခင်မောင်အေး၊ ကျန်ရှိသည့် ဘောလုံးသမားများနှင့် အသင်းနည်းပြ အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးခန့် လိုက်ပါသွားကြမည်။

ခရီးစဉ်အတွင်း သတင်းယူရန် အသုံးစရိတ် ဒေါ်လာ ၅၀၀ စီပေး၍ သတင်းထောက် ၆ ဦး ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သော်လည်း ၂ ဦးသာ သေချာသေးသည်။

“၂ ယောက်လောက်ပဲ လိုက်ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို ပတ်စပို့ အဆင်မပြေလို့လား ဘာလား မသိဘူး။ ကွန်ဖန်း မဖြစ်သေးဘူး” ဟု ဦးအောင်ကျော်လွင်က ပြောသည်။

ယနေ့ ညနေတွင် ထိုင်းနိုင်ငံရှိ ထိုင်းဆိပ်ကမ်း အာဏာပိုင်အသင်းနှင့် ခြေစမ်းပွဲ ကစားကြမည်။ ၂၄ ရက်နေ့တွင် ပတ္တရားယူနိုက်တက်အသင်းနှင့် ကစားမည်ဖြစ်ကာ၊ ၂၆ ရက်နေ့တွင်မူ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ချုပ်ဆိုထားသည့် တယ်ရိုဆက်ဆနာ အသင်းနှင့် ယှဉ်ပြိုင်ကြမည်။

ယမန်နေ့ ညနေပိုင်းက သုဝဏ္ဏ အားကစားကွင်းကြီးတွင် ကျင်းပခဲ့သည့် ရန်ကုန် ယူနိုက်တက်နှင့် အိန္ဒိယ ကလပ်အသင်း အရှေ့ဘင်ဂေါတို့ ခြေစမ်းပွဲတွင် ရန်ကုန် ယူနိုက်တက်က ၃ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဘင်ဂေါအသင်းအား ပြီးခဲ့သည့်ဇွန်လအတွင်းက မြန်မာကလပ်အသင်း ၈ သင်း ပထမဆုံးပွဲစဉ်အဖြစ် ရန်ကုန်တွင် ကျင်းပခဲ့ရာ၌ ဗိုလ်စွဲခဲ့သည့် မန္တလေး ရတနာပုံ FC အသင်းက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လာမည့်လအတွင်း ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ််တွင် အသင်း ပရိသတ်များကို ထိုင်းနိုင်ငံထုတ် ရန်ကုန် ယူနိုက်တက်၏ အကျႌအထည် တသောင်း အခမဲ့ ဝေငှသွားမည်ဟု သိရသည်။

ထို့အပြင် အသင်းအတွက် အကျိုးပြုခဲ့သည့် ကစားသမားများကို ဦးစားပေးကာ လစာများ တိုးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ထိုအထဲမှ မျိုးမင်းထွန်း၏ လစာမှာ ၁၅ သိန်းနှင့် ကြည်လင်း၏ လစာမှာ ၁၀ သိန်း ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် FC ကို မြန်မာစစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သည့် စီးပွားရေးသမားကြီး ဦးတေဇက ပိုင်ဆိုင်သည်။

Most read this week