တပ်မတော် သမိုင်းကြောင်း ရုပ်ရှင် စတင်ရိုက်ကူး

တပ်မတော် သမိုင်းကြောင်း ရုပ်ရှင် စတင်ရိုက်ကူး
by -
မေကျော်
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်သုံးကျိပ်မှစ၍ လက်ရှိ စစ်အစိုးရအထိ တပ်မတော် သမိုင်းကြောင်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားကို ကြယ်စင်မော်ကွန်း အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင် ထုတ်လုပ်ရေး မိုးဆန်းပန်း ကုမ္ပဏီက စတင်ရိုက်ကူး ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်သုံးကျိပ်မှစ၍ လက်ရှိ စစ်အစိုးရအထိ တပ်မတော် သမိုင်းကြောင်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားကို ကြယ်စင်မော်ကွန်း အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင် ထုတ်လုပ်ရေး မိုးဆန်းပန်း ကုမ္ပဏီက စတင်ရိုက်ကူးနေပြီ ဖြစ်သည်။

ဗိုလ်ကြီးတဦးဖြစ်သူ စာရေးဆရာ တင်အောင်စိုး (ပန်းမြို့တော်) ရေးသားသည့် စာမူကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ပန်းချီ စိုးမိုးက ယခုလအတွင်းမှ စတင်ကာ ရိုက်ကူးနေခြင်း ဖြစ်သည်။

“အခုတော့ နည်းနည်းချင်း ဟိုရိုက်ဒီရိုက်နဲ့တော့ စနေပြီ။ မိုးဆန်းပန်း ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်တာပါ။ ရုံတင်ပြမှာပါ။ ရိုက်ကူးချိန်ကတော့ တနှစ်၊ တနှစ်ခွဲလောက် ကြာမယ်။ ကုန်ကျစရိတ်ကလည်း မှန်းလို့ကို မရဘူး” ဟု ဒါရိုက်တာ ပန်းချီ စိုးမိုးက မဇ္ဈိမကို ပြောသည်။

ဇာတ်ညွှန်းခွဲခြင်းမှာ အားလုံးနီးပါး ပြီးစီးပြီဖြစ်ကာ၊ တိုက်ပွဲခန်းများသာ ဇာတ်ညွှန်းခွဲရန် ကျန်ရှိတော့သဖြင့် အဆိုပါ ဇာတ်လမ်းကို လွန်ခဲ့သည့် ၂ နှစ်ခန့် ကတည်းက ရိုက်ကူးရန် ပြင်ဆင်လာခဲ့သည်။

“တပ်မတော်သမိုင်းဆိုမှတော့ ဗိုလ်ချုပ် အောင်ဆန်းကတော့ မပါမဖြစ် ပါတာပေါ့” ဟု ဇာတ်ညွှန်းရေးဆရာ ငြိမ်းမင်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ရဲဘော်သုံးကျိပ် ခေတ်မှစ၍ ယနေ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအထိ သမိုင်းကြောင်းကို ယင်းခေတ်ကို သိမီခဲ့သူများနှင့်  မြန်မာ့သမိုင်း စာအုပ်များကိုသာ အခြေခံ၍ ဇာတ်လမ်းပုံစံ ဖော်ထားသည်။

“ပြင်ပ ပညာရှင်တွေပေါ့။ အများကြီးဆိုတာ ဘီအိုင်အေခေတ် မီတဲ့သူတွေ။ ဘီဒီအေခေတ် မီတဲ့သူတွေ၊ နောက်ပြီးတော့ ဟို ရှေ့မီနောက်မီတွေ။ နောက် စာအုပ်စာတမ်းတွေပေါ့။ အထူးသဖြင့်တော့ အဓိက အားပြုတာကတော့ စာအုပ်စာတမ်းနဲ့ ဓာတ်ပုံပေါ့။ ဓာတ်ပုံမှတ်တမ်းတွေပေါ့” ဟု ဒါရိုက်တာ ပန်းချီ စိုးမိုးက ပြောသည်။

တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း ပြိုင်ပွဲတွင် ဆု ၂ ကြိမ် ရခဲ့ဖူးသည့် စာရေးဆရာ တင်အောင်စိုး (ပန်းမြို့တော်) က ယခု တပ်မတော်သမိုင်းကြောင်း စာမူကို စာအုပ်အဖြစ် မထုတ်ဝေဘဲ ရုပ်ရှင် ရိုက်ကူးရန်အတွက်သာ ရေးသားခြင်း ဖြစ်သည်။

ယခု ဇာတ်ကား ခွင့်ပြုချက်အတွက် စာပေစိစစ်ရေးနှင့် စစ်တပ်တို့အား ဇာတ်လမ်းကို စိစစ်ရန် တင်ပြရကြောင်း သိရသည်။

“ပေါ်လစီတော့ ပေါ်လစီပေါ့။ ဒါပေမယ့် ပေါ်လစီ မဟုတ်ပါဘူး၊ တိုင်းကျိုးပြည်ပြု ကားပါ” ဟု ဒါရိုက်တာ ပန်းချီ စိုးမိုးက ဆိုသည်။

၂၀၁၀ အမီ ထွက်လာမည့် အဆိုပါ ရုပ်ရှင်ကားကို ရိုက်ကူးရန် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်စီစဉ်ခဲ့ကာ၊ လိုအပ်မည့် စစ်သမိုင်းဆိုင်ရာ အသုံးအဆောင်များ၊ လက်နက်များကို တပ်မတော် စစ်သမိုင်းပြတိုက်က ပ့ံပိုးမည် ဖြစ်သည်။

ကုန်ကျစရိတ် ကြီးမားမည့် တပ်မတော် သမိုင်းရုပ်ရှင်ကားကို မိုးဆန်းပန်း ရုပ်ရှင်ထုတ်လုပ်ရေးက သူ၏ ပထမဆုံး ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးခြင်း ဖြစ်သည်။

ယင်းဇာတ်ကားကို လူမင်း၊ နေတိုး၊ ဝေဠုကျော်၊ ထွန်းထွန်း၊ သူထူးစံ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

Most read this week