မွန်ပြည်နယ်တောင်ပိုင်း သစ်အရောင်းဝယ်ကျ

မွန်ပြည်နယ်တောင်ပိုင်း သစ်အရောင်းဝယ်ကျ
မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသမှ ခုတ်ယူသည့်သစ်များ ယ ခုမိုးတွင်းပိုင်းတွင် အရောင်းဝယ်ကျနေသည်ဟု သစ်ထုတ်လုပ်သူများ၏ ပြောပြချက်အရ သိရပါသည်။ သစ်လုံးရော ကုန်ကြမ်းတစ်တန်၏တန်ဖိုးမှာ ၂ သိန်း ၅ သောင်းဝန်းကျင် ခန့်ရှိ ...

မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသမှ ခုတ်ယူသည့်သစ်များ ယ ခုမိုးတွင်းပိုင်းတွင် အရောင်းဝယ်ကျနေသည်ဟု သစ်ထုတ်လုပ်သူများ၏ ပြောပြချက်အရ သိရပါသည်။

သစ်လုံးရော ကုန်ကြမ်းတစ်တန်၏တန်ဖိုးမှာ ၂ သိန်း ၅ သောင်းဝန်းကျင် ခန့်ရှိပြီး ယခင်သစ်လုံးစျေး၏ နှုန်းထားနှင့် ယခုစျေးနှုန်းသိပ် မကွာခြား သော်လည်း ဝယ်ယူသူသိပ်မရှိဟု ထုတ်လုပ်သူများက ဆိုပါသည်။ ၄င်းဒေသမှ သစ်အမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသည်။

“မြို့ပေါ်မှာ အိမ်ဆောက်တဲ့သူတွေ သိပ်မရှိဘူး၊ အိမ်လည်း သိပ်မ ဆောက်နိုင်ကြဘူလေး” ဟု ရေးမြို့နယ် ခြံရှင် ဦးသော်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (ကညနလိုင်စင်) မှ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ပေးသည့် တရားဝင် ဆိုင်ကယ်လိုင်စင်ရရှိရေးကြောင့် ငွေကြေး အကုန်အကျခံကြခြင်းနှင့် ကမ္ဘာ့စီးပွားရေးပြဿနာကြောင့် ရာဘာစျေးနှုန်း အဆမတန်ကျဆင်းခြင်း ကြောင့် ဒေသခံပြည်သူများ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ကြခြင်း ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ဆိုပါသည်။

ယခင် သစ်ထုတ်လုပ်သည့်လုပ်ငန်းရှင် ၂၀ ဦးနီးပါးရှိရာမှ သစ်အရောင်း အဝယ်မဖြစ်ခြင်းကြောင့် လုပ်ငန်းရှင်သစ်ထုတ်လုပ်သူများလည်း ထက်ဝက်နီးပါး လျှော့နည်းသွားသည်။

သစ်ထုတ်လုပ်သူတစ်ဦး၏အဆိုအရ အလုပ်သမားလုပ်အားခ၊ ဓာတ်ဆီခ အတွက်ကိုပါ ပေးရသည့်အတွက် “ဒီနှစ်လောက် သစ်အရောင်းအဝယ် ခက်တာ မကြုံဖူးဘူး။ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်၊ လုပ် ငန်းမလည်ပတ်နိုင်လို့လေ။ အတိုးငွေ စွဲသုံးနေရတယ်။ အကြွေးသိန်း ၄၀-၅၀ လောက်ရှိတယ်။ သူဌေးကိုလည်း မပေးနိုင်” ဟု ပြောသည်။

ယခင်မိုးတွင်းတို့တွင် အရောင်းအဝယ်ပါးသော်လည်း ယခုနှစ်သည် ယ ခင်နှစ်များထက် အရောင်းအဝယ်ပိုပါးသည်ဟု ၄င်းသစ်ထုတ်လုပ်သူက ဆက်ပြောပါသည်။

သစ်ထုတ်လုပ်ခွင့်ပါမစ်ရရန်အတွက် တစ်နှစ်စာအခွန်အဖြစ် သစ်တစ်တန် လျှင် ၃၀၀၀ ကျပ်၊ မျှော်စာတစ်တန် ကျပ် ၁ သောင်းခွဲ၊ စက်တစ်လုံးလျှင် ၅ သောင်း၊ သစ်ဆွဲကျွဲတစ်ကောင် ၁ သောင်း၊ ဆင်တစ်ကောင် ၅ သောင်း တို့ကို သစ်ထုတ်လုပ်မည့်ဧရိယာနယ်မြေဒေသကိုပိုင်ဆိုင်သည့် မွန်ပြည် သစ်ပါတီ၊ ကေအန်ယူတို့အား ပေးဆောင်ရသည်ဟု သစ်ထုတ်လုပ်သူ တစ်ဦးက ပြောသည်။

သစ်ထုတ်သည့်နေရာမှ ရေးချောင်းဖြားသို့ရောက်ရှိရန်အတွက် ဆင် (သို့) ကျွဲဖြင့်ဆွဲပါက တစ်တန်လျှင်  ၃ သောင်းပေးရပြီး ခရီးဝေးလံပါက ၄ သောင်းခန့်ပေးရသည်။

အကောက်ခွန်အဖြစ် မြစ်တစ်လျှောက်ရှိ ကျောင်းရွာကျေးရွာဂိတ်သို့ ကျပ် ၁ သောင်းခွဲ၊ ကေအန်ယူဂိတ်သို့ ၁ သောင်းခွဲ၊ ဒီကေဘီအေဂိတ်အား ကျပ် ၁ သောင်းနှင့် ရေးတံတားဂိတ်ရှိ မြန်မာစစ်တပ်ဂိတ်အား ၁ သောင်းခွဲပေး ဆောင်ရသည်။ ရေးချောင်းဖျားမှ ရေးမြို့အထိသို့ ဖောင်ဖြင့်ယူဆောင်ပါက သစ်တစ်တန်လျှင် ကျပ် ၅ သောင်းကျပ် ပေးရသည်။ ဖောင်ကြီးတစ်စီး လျှင် သစ် ၁၀ တန်၊ ဖောင်သေးပါက သစ် ၅ တန်ခန့် ရေးချောင်းဖျားမှ မျှောချသည်။

“သစ်တွေက ရှားလည်းရှားပါးလာတယ်၊ ဝယ်တဲ့သူတွေလည်း ရှားလာ တယ်။ ပြီးတော့ ခုတ်တဲ့နေရာက ဝေးလည်းဝေးသွားတယ်” ဟု သစ် ထုတ်လုပ်သူက ပြောသည်။ ရေးချောင်းဖျားမှ ထုတ်သည့် သစ်ရောများကို အစင်ကျေးရွာ၊ သံဖြူဇရပ်၊ မုဒုံနှင့် မော်လမြိုင်မြို့နယ်သို့လည်း တင်ပို့ ရောင်းချသည်။ ပျဉ်းကတိုးကုန်ချော တစ်တန်လျှင် ကျပ် ၉ သိန်းဝန်းကျင် ခန့်ရှိပြီး အခြားသစ်စျေးနှုန်းမှာ ပျဉ်းကတိုးသစ်ထက် တန်ဖိုးနည်းသည်။