ချင်းမိုင် ။ ။ ထောင်ဒဏ် ရ နှစ်ခွဲ ကျခံနေရသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်အတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။
သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၂ နှစ်အရွယ် ဦးတင်ယုသည် အစာမစားနိုင်ဘဲ ထောင်ဆေးရုံ၌ တင်ထားရပုံကို ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် သမီးဖြစ်သူ မသင်းသင်းယု အပြောအရ သိရခြင်း ဖြစ်သည်။
“အခုဆို အဖေက နှာခေါင်းထဲပါ ပိုက်ထည့်ထားရတယ်။ ထမင်းလည်း လုံးဝ မစားနိုင်ဘူး။ ဘာလီရေလေးပဲ သောက်နိုင်တယ်။ တော်တော်ကြီးကို ကျန်းမာရေး မကောင်းဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
သူနှင့် တွေ့ဆုံစဉ် ဦးတင်ယုသည် ရင်ဘတ်အောင့်နေကြောင်း ပြောဆိုပြီး၊ စကားပြောရန်ပင် ခက်ခဲနေရသည်ဟု ဆိုသည်။ ထို့ကြောင့် စနစ်တကျ ဆေးဝါးကုသရေးအတွက် မိသားစုအနေဖြင့် ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ထောင်ပိုင်သို့ ပြောဆိုခဲ့သေးသည်။
“ကျမတို့မိသားစုအနေနဲ့က ဒီဆေးရုံမှာ မထားချင်ဘူးပေါ့နော်။ အပြင်ဆေးရုံမှာ ထားချင်တယ်။ အဖေကလည်း ဒီဆေးရုံမှာဆို သဘောမကျဘူးပေါ့။ အပြင်ဆေးရုံကျ ဆရာဝန်နဲ့ နီးနီးကပ်ကပ် ရှိတယ်လေ။ အဲဒါမျိုး အဖေက သဘောကျတယ်။ ဒီဆေးရုံကျတော့ လူနာလည်း များတယ်ပေါ့နော်” ဟု မသင်းသင်းယုက ပြောသည်။
ဦးတင်ယုတွင် ယခင်ကတည်းက လေ၊ သွေးတိုး၊ ကျီးပေါင်း ရောဂါများနှင့် မျက်စိဝေဒနာ စွဲကပ်နေခဲ့သည်။
သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သူ ဖြစ်သည်။
၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အမည်မသိ လူတစုက တံတားဖြူမှတ်တိုင်၌ ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိ၌ ထိခိုက်မှု ဖြစ်ခဲ့သေးသည်။
ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးပြီး၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က နိုင်ငံတော်လုံခြံုရေးအား ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ရ နှစ်ခွဲ ချမှတ်ခဲ့သည်။ ယခုအခါ ပုဒ်မ ၃၅၃ - တာဝန်ဝတ္တတရား နှောင့်ယှက်မှု ကျန်ရှိနေသေးသည်။
ယခုလ ၄ ရက်နေ့တွင် သူနှင့်အတူ အမှုတွဲတူသူများအား ရုံးထုတ်၍ စီရင်ချက်ချမှု ရှိခဲ့သော်လည်း ဦးတင်ယုမှာ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးသို့ မသွားနိုင်ဘဲ တဦးတည်း ကျန်ရစ်ခဲ့ပြီးနောက် ယခုလ ၁၄ ရက်နေ့သို့ ရုံးချိန်းရက် ရွှေ့ဆိုင်းပေးခဲ့သည်။
“၄ ရက်နေ့က ရုံးထုတ်သွားတယ်။ အဖေက ညတွင်းချင်း ဆေးရုံတင်ရတော့၊ မလိုက်ဖြစ်တော့ အမိန့်မချဖြစ်ဘူး။ ၁၄ ရက်နေ့တော့ ချိန်းထားတယ်ပေါ့နော်။ ၁၄ ရက်နေ့ အဖေ နေကောင်းပြီဆိုရင်၊ ရုံးထုတ်ဖြစ်တယ်ဆိုရင်တော့ သူတို့ အမိန့်ချဖို့ အစီအစဉ် ရှိတယ်ပေါ့နော်” ဟု မသင်းသင်းယုက ပြောသည်။
ဦးတင်ယုသည် အကျဉ်းထောင်ထဲတွင် ''လူ့အခွင့်အရေး ရရှိရေး … ဒို့အရေး၊ ဒို့အရေး'' ဟူ၍ ကြွေးကြော်ခဲ့သဖြင့် ၃ လထက်မနည်း တိုက်ပိတ်ခံခဲ့ရသေးသည်။